Tuesday, October 24, 2017
သွေးတွင်းအဆီ ကျအောင် လေ့ကျင့်ခန်း ဘယ်လို လုပ်ကြမလဲ?

ကိုလက်စထရောလ်ပမာဏရှိသင့်တာထက်များနေရင် ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးပါတယ်။ မှန်ကန်တဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် နှလုံးကိုကာကွယ်ပေးတဲ့ HDL ကိုလက်စရောပမာဏမြင့်တက်စေပြီး အန္တရာယ်ဖြစ်စေတဲ့ triglyceride ပမာဏကိုလျော့ကျစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်သလဲ? သုတေသီတွေက အေရိုးဗစ်နဲ့ အလေးမလေ့ကျင့်ခန်းပူးတွဲပြုလုပ်ခြင်း က နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေလျော့ကျစေဖို့ အကောင်းဆုံးအစီအစဉ်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လျော့ကျခြင်း၊ အဆီများဆုံးရှုံးခြင်း၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းကျန်းမာရေးကောင်းမွန်ခြင်း စတဲ့အကျိုးကျေးဇူးများစွာရရှိစေပါတယ်။
ကိုလက်စရောကျဖို့အတွက် လေ့ကျင့်ခန်း ဘယ်လောက်ကြာကြာပြုလုပ်သင့်ပါသလဲ? ကိုလက်စထရောလ်ကျဖို့၊ သွေးပေါင်ကျစေဖို့၊ နှလုံးခုန်ရပ်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေတွေကို လျော့ကျစေ ဖို့အတွက် တစ်ပတ်ကို 3 ကြိမ် (သို့) 4 ကြိမ် အတော်အသင့် (သို့) ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း 40 မိနစ်ခန့်လုပ်သင့်ပါတယ်။
နှလုံးသွေးကြောစနစ်ကောင်းမွန်စေဖို့ အတွက် တစ်ပတ်လျှင် အတော်အသင့်လေ့ကျင့်ခန်း 150 မိနစ် (သို့) ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း 75 မိနစ်ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အတော်အသင့်လေ့ကျင့်ခန်းအချို့ကတော့
- - လမ်းမြန်မြန်လျှောက်ခြင်း ( တစ်နာရီလျှင် မိုင် 30 နှင့်အထက်)
- စက်ဘီးစီးခြင်း ( တစ်နာရီ မိုင် 10 နှင့်အောက်)
- တင်းနစ်ကစားခြင်း (တစ်ဖက်လျှင်နှစ်ယောက်)
- ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း
ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းအချို့မှာ
- - လမ်းလျှောက်ပြိုင်ခြင်း၊ အနှေးလျှောက်ခြင်း၊ ပြေးခြင်း
- ရေကူးခြင်း - တင်းနစ်ကစားခြင်း (တစ်ဖက်တစ်ယောက်)
- အေရိုးဗစ်ကခြင်း - စက်ဘီးစီးခြင်း( တစ်နာရီ 10 မိုင်နှင့်အထက်)
- တောင်တက်ခြင်း
အကျိုးရှိလောက်တဲ့အထိ လေ့ကျင့်ခန်းလုပ်မလုပ် သိနိုင်တဲ့အလွယ်ဆုံးနည်းလမ်းကတော့ talk test (စကားပြောစမ်းသပ်မှု) ပြုလုပ်ခြင်းဖြစ်ပါတယ်။ အတော်အသင့် လေ့ကျင့်ခန်းလုပ်နေရင်းစကားပြောနိုင်ပေမယ့် အပြင်းအထန်လေ့ကျင့်ခန်းလုပ်နေချိန်မှာတော့ စကားလုံးနည်းနည်းပြောပြီးတာနဲ့ရပ်ပြီးအသက်ရှူဖို့လိုအပ်ပါတယ်။ နှလုံးကျန်းမာစေဖို့အတွက် အလေးမလေ့ကျင့်ခန်းလုပ်ပါ။ အလေးမလေ့ကျင့်ခန်းဆိုတာ စက်တွေ၊ အလေးတွေ၊ ကွင်းတွေနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အလေးချိန်ကိုအသုံးပြုပြီး ကြွက်သားတွေသန်မာလာအောင်တည်ဆောက်ခြင်းဖြစ် ပါတယ်။ ကြွက်သားများတက်လာခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုမြန်စေပြီး နားနေတဲ့အချိန်တွေမှာတောင် ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်။ အလေးမလေ့ကျင့်ခန်းကို တစ်ပတ်ကို အနည်းဆုံး 2 ကြိမ်ပြုလုပ်သင့်ပါတယ်။ အလေးမလေ့ကျင့်ခန်းမလုပ်ဖူးဘူးဆိုရင် ထိခိုက်ဒဏ်ရာမရရှိအောင်နဲ့ အကောင်းဆုံးအကျိုးကျေးဇူးရရှိစေဖို့အတွက် ကျွမ်းကျင်တဲ့သင်တန်းဆရာနဲ့ အရင်သင်တန်းတက်သင့်ပါတယ်။ အလေးမလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး တစ်လလောက်အကြာမှာ HDL ကိုလက်စထရောလ်နဲ့ triglyceride ပမာဏကောင်းမွန် လာတာကိုတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လေ့ကျင့်ခန်းပြုလုပ်ရုံနဲ့တော့ သိသိသာသာမကျစေပါဘူး။
ဒါကြောင့် အစားအသောက်နဲ့ထိန်းဖို့လည်းလိုပါတယ်။ ပြည့်ဝဆီပါတဲ့ အနီရောင်အသားတွေနဲ့ အဆီဓာတ်ပြည့်ဝတဲ့ နို့ထွက်ပစ္စည်းတွေကိုရှောင်ကြဉ်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ကောက်ပဲသီးနှံတွေပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာတွေစားသုံးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုလက်စရောကျစေဖို့ လေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်ကို ဘယ်လိုစကြမလဲ? အထိုင်များပြီး နှလုံးရောဂါဖြစ်နိုင်ချေများတဲ့အခြေအနေရှိရင် လေ့ကျင့်ခန်းမလုပ်ခင်မှာ လေ့ကျင့်ခန်း လုပ်ဖို့သင့်တော်လားဆိုတာကို ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ပြီးရင်တော့ ဖြည်းဖြည်းမှန်မှန်စတင်ပါ။
လူတွေက လေ့ကျင့်ခန်းလုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်တစ်ခုကိုစောင့်လေ့ရှိပါတယ်။ စောင့်ဖို့မလိုပါဘူး စရုံပဲစလိုက်ပါ။ တစ်ပတ်ကို 6 ရက်လောက်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အစပိုင်းမှာအလေ့အကျင့်ရဖို့ခက်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်အသစ်တစ်ခုရဖို့အတွက် ကြိုးစားပြီးစတင်လိုက်ပါ။
ကိုလက်စရောကျစေဖို့နဲ့ နှလုံးရောဂါဖြစ်နိုင်ချေလျှော့ချဖို့ အတွက် လေ့ကျင့်ခန်းလုပ်ခြင်းကို ဘယ်လိုထိန်းသိမ်းထားမလဲ? လေ့ကျင့်ခန်းလုပ်ချင်စိတ်ရှိနေစေဖို့အတွက် နည်းလမ်းကောင်းအချို့ရှိပါတယ်။ လက်တွေ့ကျတဲ့ပန်းတိုင်ထားရှိပါ - လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်မြန်မြန်ကျရမယ် (သို့) ကိုလက်စရောပမာဏမြန်မြန်ကျရမယ်လို့မျှော်လင့်ရင် တကယ်မဖြစ်နိုင်တဲ့အတွက် စိတ်ညစ်ပြီးတော့ လေ့ကျင့်ခန်းလုပ်ချင်စိတ်ကျဆင်းစေပါလိမ့်မယ်။ လူမှုပတ်ဝန်းကျင်နဲ့ဆက်နွယ်သောလေ့ကျင့်ခန်းလုပ်ပါ - မိသားစု၊ မိတ်ဆွေတွေရဲ့ ထောက်ပံ့မှုတွေရှိရင် လေ့ကျင့်ခန်းဆက်လက်လုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။ လိုက်လျောညီထွေဖြစ်အောင်လုပ်ပါ - အားကစားခန်းမ,မသွားနိုင်ဘူး (သို့) ရာသီဥတုအခြေအနေကြောင့် အပြင်ထွက်ပြီးမလုပ်နိုင်ရင် အခန်းထဲမှာပဲ လေ့ကျင့်ခန်းလုပ်ပါ။
Dr. Mya Myo Myo Swe Ref : drmyanmar.com

Friday, October 20, 2017
ရာသီလာစဉ် နာကျင်ခြင်း (Period Pain - Dysmenorrhoea)

ရာသီသွေးဆင်းနေချိန်အတွင်း နာကျင်ခြင်းဝေဒနာသည် ဆယ်ကျော်သက် အမျိုးသမီးများနှင့် ငယ်ရွယ်သူများအကြား တွင် အဖြစ်များသည်။ အသက်ကြီးလာသည်နှင့်အမျှ ထိုနာကျင်မှု ဝေဒနာကို ခံစားရခြင်း နည်းလာကြသည်။ အနာ သက်သာစေရန် အနာသက်သာဆေးများကို သောက်သုံးလေ့ရှိသည်။ အမျိုးသမီးအများစုတွင် ရာသီလာနေစဉ် အတွင်း မည်သည့်အတွက်ကြောင့် နာကျင်ခြင်းဖြစ်သည်ကို ရှင်းလင်းစွာ မသိရှိရပေ။ အချို့သော အမျိုးသမီးများတွင် (အထူးသဖြင့်အသက် ၃၀ ကျော်နှင့် ၄၀ ကျော်များတွင်) တင်ပဆုံအတွင်း ပြဿနာတစ်ခုခုရှိခြင်းကြောင့် နာကျင်ခြင်း ဖြစ်ပေါ်သည်။
ဘယ်သူတွေမှာ ရာသီသွေးဆင်းနေချိန် နာကျင်နိုင်သလဲ?
အမျိုးသမီးအများစုတွင် ရာသီလာနေစဉ်အတွင်း နာကျင်ခြင်း ဝေဒနာကို ခံစားရလေ့ရှိသည်။ နာကျင်မှုသည် ပြင်းထန် ခြင်းမရှိသော်လည်း အမျိုးသမီး ၁၀ ယောက်တွင် ၁ ယောက်၌ နာကျင်မှုမှာ ပြင်းထန်လွန်းသဖြင့် နေ့စဉ်ပြုလုပ်နေကျ ဖြစ်သော အလုပ်များ (ဥပမာ - အိမ်မှုကိစ္စများ ၊ အလုပ်သို့ သွားခြင်း ၊ ကျောင်းတက်ခြင်း) ကို မလုပ်နိုင်တော့ပေ။ ရာသီလာချိန်အတွင်း နာကျင်ခြင်းကို ဆရာဝန်များက ဒစ်မနိုးရီးယား (Dysmenorrhoea) ဟု ခေါ်လေ့ရှိသည်။ ထိုနာကျင်ခြင်းသည် တင်ပဆုံခွက်များတွင် ဖြစ်ပေါ်သော နာကျင်ခြင်းအမျိုးအစားများတွင် တစ်ခုအပါဝင် ဖြစ်သည်။
· ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Primary Dysmenorrhoea)
ထိုအမျိုးအစားသည် အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။ ထိုနာကျင်ခြင်းသည် သားအိမ် (သို့) သားအိမ်ခေါင်းတွင် မည်သည့်ပြဿနာမျှမရှိဘဲ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအမျိုးအစားသည် ဆယ်ကျော်သက်များနှင့် အသက် ၂၀ ကျော် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။
· ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea)
ထိုအမျိုးအစားသည် သားအိမ် (သို့) သားအိမ်ခေါင်းတွင် ပြဿနာရှိခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသည်။ ထိုအမျိုးအစား သည် အဖြစ်နည်းသော်လည်း အသက် ၃၀ ကျော်နှင့် ၄၀ ကျော်များတွင် အဖြစ်များသည်။
ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Primary Dysmenorrhoea)
ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများဟာ ဘာ လဲ?
ဖြစ်ပေါ်စေသော အကြောင်းအရာများကို ရှင်းလင်းစွာ မသိရှိရပေ။ သားအိမ်သည် ပုံမှန်ပင်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ရှိသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ပရိုစတဂလိုင်ဒင် (Prostagladins) သည်လည်း သားအိမ်နံရံများတွင် ပုံမှန် အတိုင်း စုပြုံလာမြဲဖြစ်သည်။ ပရိုစတဂလိုင်ဒင် (Prostagladins) သည် ရာသီလာနေစဉ်အတွင်း သားအိမ်နံရံများ ညှစ်ရန်နှင့် သားအိမ်နံရံများကို ဖယ်ရှားရာတွင် ကူညီပေးသည်။ ရာသီလာစဉ် နာကျင်ခြင်းဝေဒနာခံစားရသည့် အမျိုး သမီးများတွင် ပရိုစတဂလိုင်ဒင် (Prostagladins) သည် လိုအပ်သည်ထက် ပိုမို၍ စုပုံလာခြင်း (သို့) သားအိမ်သည် ပရိုစတဂလိုင်ဒင် (Prostagladins) ကို တုံ့ပြန်မှု လွန်ကဲသောကြောင့် ဖြစ်သည်။ ထိုအကြောင်းအရာ ၂ ချက်ကြောင့် သားအိမ်သည် ပုံမှန်ထက် ပို၍ ညှစ်လာခြင်းကြောင့် သားအိမ်သို့ သွေးရောက်ရှိမှု နည်းလာပြီး နာကျင်ခြင်းကို ဖြစ်ပေါ် လာစေသည်။
ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း၏ လက္ခဏာများဟာ ဘာလဲ?
အဓိကဖြစ်ပေါ်သော လက္ခဏာမှာ ၀မ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်းဖြစ်သည်။ ရာသီသွေးစပေါ်သည့် အသက် အရွယ်တွင် ထိုဝေဒနာကို ခံစားရလေ့ မရှိသော်လည်း ရာသီသွေးစပေါ်ပြီး ၆ လမှ ၁၂ လကြာမြင့်ပြီးနောက် နာကျင်မှု များ စတင်ဖြစ်ပေါ်လာသည်။ နာကျင်ခြင်းသည်
- ၀မ်းဗိုက်အောက်ပိုင်းသို့ ပျံ့နှံ့လာပြီး တခါတရံ ခြေထောက်အပေါ်ပိုင်းအထိ ရောက်ရှိနိုင်သည်။
- ရာသီသွေးစပေါ်သည့်နေ့တွင် စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း အချို့လူများတွင် ရာသီသွေးနောက်ဆုံးရက် မတိုင်မှီ ၁ ရက်အလိုရောက်မှလည်း နာကျင်ခြင်း စတင်နိုင်သည်။
- နာကျင်ခြင်းသည် ၁၂-၂၄ နာရီကြာမြင့်တတ်ပြီး အချို့အမျိုးသမီးများတွင် ၂-၃ ရက်ကြာမြင့်တတ်သည်။
- ရာသီလာချိန် တစ်ကြိမ်နှင့် တစ်ကြိမ်တွင် ခံစားရသည့် နာကျင်မှုမှာ မတူညီပေ။ အချို့အချိန်များတွင် ပို၍ နာကျင်တတ်သည်။
- အသက်ကြီးလာသည်နှင့်အမျှ နာကျင်ခြင်းသည် အဖြစ်နည်းလာပြီး ကလေးမွေးပြီးသည့်အချိန်တွင်လည်း သက်သာနိုင်သည်။
အချို့သော အမျိုးသမီးများသည် နာကျင်ခြင်းအပြင် အခြားသော လက္ခဏာများကိုလည်း ခံစားရသည်။ ဥပမာ -
· ခေါင်းကိုက်ခြင်း
· မောပန်းခြင်း
· မိုက်ခနဲဖြစ်ခြင်း
· ရင်သားများတင်းခြင်း
· ဗိုက်လေပွခြင်း
· ကိုယ်လက် မအီမသာဖြစ်ခြင်း
· ၀မ်းလျောခြင်း
· စိတ်ခံစားချက်များခြင်း (သို့) မျက်ရည်လွယ်ခြင်း
မှတ်ချက်။ ။ အောက်ဖော်ပြပါအချက်များသည် ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း အမျိုးအစားကြောင့် ဖြစ်ပေါ်သော လက္ခဏာများမဟုတ်ပေ။
· ကိုယ်အပူချိန်မြင့်မားခြင်း
· မိန်းမကိုယ်မှ အရည်များဆင်းခြင်း
· ရုတ်တရက် ဗိုက်အောင့်ခြင်း
· လိင်ဆက်ဆံစဉ် နာကျင်ခြင်း
· ရာသီသွေးဆင်းချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
· လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
အကယ်၍ အထက်ပါအချက်များ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည်။
ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းအမျိုးအစားကို ဘယ်လိုသတ်မှတ်မလဲ?
အမျိုးသမီးအများစုတွင် (အထူးသဖြင့် ဆယ်ကျော်သက်အမျိုးသမီး) လက္ခဏာများမှာ သိသာထင်ရှားလွန်းသဖြင့် ဆရာဝန်မှ လူနာအား ရောဂါရာဇ၀င်ကို မေးမြန်းယုံမျှဖြင့်ပင် ရောဂါကို သတ်မှတ်နိုင်သည်။ ဆရာဝန်မှ ပုံမှန်ဟုတ် မဟုတ် ၀မ်းဗိုက်ကို စမ်းသပ်နိုင်သည်။
စစ်ဆေးမှုများနှင့် တင်ပဆုံအတွင်းပိုင်းသို့ စမ်းသပ်ခြင်းများကို အများအားဖြင့် ပြုလုပ်လေ့မရှိပေ။ သို့သော် ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းအမျိုးအစားဖြစ်သည်ဟု မသေချာလျှင် (သို့) ရောဂါ အခံကြောင့် နာကျင်ခြင်းဖြစ်သည်ဟု သံသယရှိပါက စစ်ဆေးမှုများ ပြုလုပ်သည်။
ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်ုတွင် နာကျင်ခြင်းအမျိုးအစားကို ဘယ်လိုကုသမလဲ?
အမျိုးသမီးအများစု၌ ရာသီသွေးဆင်းချိန်တွင် နာကျင်ခြင်းမှာ မပြင်းထန်သဖြင့် အိမ်တွင်ပင် ကုသနိုင်သည်။ သို့သော် အကယ်၍ နာကျင်ခြင်းသည် ပိုမိုပြင်းထန်လာပြီး နေ့စဉ် ဆောင်ရွက်မှုများကိုပါ ထိခိုက်လာပါက ဆရာဝန်နှင့် ပြသသင့်သည်။
အကယ်၍ ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်ုတွင် နာကျင်ခြင်းအမျိုးအစားဖြစ်ပါက ကုသနိုင်သည့် နည်းလမ်းများစွာ ရှိသည်။
· ရေနွေးအိတ်ကပ်ပေးခြင်း
ဝမ်းဗိုက်အောက်ပိုင်းတွင် ရေနွေးပုလင်းကို ကပ်ပေးပါက (သို့) ရေပူဖြင့် ရေချိုးပေးပါက နာကျင်ခြင်းကို သက် သာစေနိုင်သည်။ နာကျင်ခြင်းသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လေ့မရှိပေ။ ရေပူကပ်ချိန်တွင် ရေနွေးပုလင်းတွင် နွေးယုံသာ ထည့်ရမည်။
· စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers)
ထိုဆေးကို သောက်လိုက်ပါက အမျိုးသမီး ၁၀ ယောက်တွင် ၇ ယောက်၌ နာကျင်ခြင်း သက်သာသွားလေ့ ရှိသည်။ ထိုဆေးများသည် နာကျင်ခြင်းကို ဖြစ်ပေါ်စေသည်ဟု ထင်ရသော ပရိုစတဂလိုင်ဒင် (Prostagladins) ၏ အာနိသင်ကို ပိတ်ဆို့ပေးသည်။ ထိုအုပ်စုတွင် ပါဝင်သော ဆေးအမျိုးအစားများစွာ ရှိပြီး အမည်အမျိုးမျိုးဖြင့် ဈေးကွက်တွင် တွေ့ရသည်။ စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers) ကို သောက်သည့်အခါ အောက်ပါအချက်များကို လိုက်နာရန် လိုအပ်သည်။
-နာကျင်မှုစတင်ဖြစ်ပေါ်သည်နှင့် (သို့) ရာသီသွေးစပေါ်သည့် အချိန်၌ ပထမအကြိမ် ဆေးကို သောက် ပါ။ အချို့သော ဆရာဝန်များက ရာသီသွေးမပေါ်မှီ ၁ ရက် အလိုကတည်းက ဆေးသောက် ထားရန် အကြံပြုလေ့ရှိသည်။ ထိုသို့သောက်ထားပါက နာကျင်ခြင်းဖြစ်ပေါ်ခြင်းကို တားဆေးပေးလိမ့်မည်။
-ဆေးကို ရာသီလာနေစဉ် ၂-၃ ရက် ပုံမှန်သောက်ရန် လိုအပ်သည်။ နာကျင်မှ ဆေးကို မသောက်ပါ နှင့်။
-လုံလောက်သော ဆေးပမာဏကို သောက်ပါ။ (ဆေးကို လျော့မသောက်ပါနှင့်) အကယ်၍ နာကျင် ခြင်းသည် မသက်သာပါက မိမိသောက်နေသော ဆေးပမာဏသည် လျော့နည်းနေသလားဆိုသည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးပမာဏထပ်တိုးလိုက်ပါက နာကျင်မှု သက်သာသွားနိုင်သည်။
-အချို့သော အမျိုးသမီးများသည် စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေး များ (Non-steroidal anti-inflammatory painkillers) ကို မသောက်သင့်ပေ။ (ဥပမာ - အစာအိမ်တွင် အနာရှိခြင်း ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ)
- ထိုဆေးကို ရာသီတစ်ကြိမ်လာလျှင် ရက်အနည်းငယ်သာသောက်ပါက ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မူ အလွန်နည်းသည်။ ဆေးဘူးခွံနှင့်အတူပါလာသော ဆေးအညွန်းတွင် ရေးသားဖော်ပြထားသည့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် သတိပြုရမည့် အချက်များကို သေချာစွာဖတ်ပါ။
· ပါရာစီတမော (Paracetamol)
စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers) သောက်သုံးရန် မသင့်သူများ ဖြစ်ပါက ပါရာစီတမော (Paracetamol) သောက်နိုင်သည်။ သို့မဟုတ် စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers) သောက်သော်လည်း မသက်သာပါက ၂ မျိုးစလုံးတွဲသောက်နိုင်သည်။ ဆေး ဘူးခွံတွင် ပါလာသည့်ဆေးအညွှန်းများကို သေချာစွာ ဖတ်ခြင်းဖြင့် အများဆုံးသောက်နိုင်သည့် ဆေးပမာဏ ကို သိရှိနိုင်လိမ့်မည်။
· ဟော်မုန်းပေါင်းစပ်ထားသော ဆေးလုံးများ ၊ ဆေးထုပ်များ (သို့) ကွင်းများ
အကယ်၍ သားဆက်ခြင်းခြင်းကိုပါ ပြုလုပ်လိုပါက အထက်ဖော်ပြပါ ၃ မျိုးမှ ၁ မျိုးကို ရွေးချယ်နိုင်သည်။ အကယ်၍ ဟော်မုန်းဆေးများသုံးနေပါက ရာသီသွေးများစွာ ဆင်းမည်မဟုတ်ပေ။ တခါတရံ ရာသီသွေးဆင်း ခြင်း ရပ်တန့်သွားသဖြင့် ၁ နှစ်တွင် ရာသီပေါ်သည်လ အနည်းငယ်သာရှိသဖြင့် နာကျင်ခြင်းခံစားရသည့် အရေအတွက်ကို လျော့နည်းသွားစေလိမ့်မည်။
· သားအိမ်အတွင်းသို့ ပစ္စည်းထည့်သည့် နည်းလမ်း (Intrauterine system)
အကယ်၍ ရေရှည်သားဆက်ခြားလိုပါက သားအိမ်အတွင်းသို့ ပစ္စည်းတစ်မျိုးကို ထည့်ထားနိုင်သည်။ ထို ပစ္စည်းသည် လီဗိုနိုဂျက်စ်ထရဲ (Levonogesteral) ဟု ခေါ်သည့် ဟော်မုန်းတစ်မျိုးကို ဖြေးဖြေးခြင်း လွှတ်ပေးသည်။ ထိုဟော်မုန်းသည် သားအိမ်နံရံများကို ပါးစေသည်။ ထိုပစ္စည်းသည် သားဆက်ခြားခြင်း အတွက် ကောင်းမွန်သကဲ့သို့ နာကျင်ခြင်းနှင့် ရာသီသွေးဆင်းသည့် ပမာဏကိုပါ နည်းစေသည်။
· အခြားသော ပရိုဂျက်စထိုဂျင် (Progestrogen) ပါဝင်သည့် သားဆက်ခြားဆေးများ
အကယ်၍ သားဆက်ခြားသည့် အာနိသင်ကိုပါ အလိုရှိပါက အခြားရွေးချယ်နိုင်သည့် နည်းလမ်းတစ်ခုမှာ ပရိုဂျက်စထိုဂျင် (Progestrogen) ပါဝင်သည့် အခြားသော သားဆက်ခြားဆေးများကို အသုံးပြုခြင်းဖြစ်သည်။ ထိုရွေးချယ်စရာနည်းလမ်းများမှာ Depo-Provera အမည်ရှိ ထိုးဆေးနှင့် Cerazette အမည်ရှိ သောက်ဆေး များ ပါဝင်သည်။
· အရေပြားအောက်ကို မြှုပ်ထည့်ရသော လျှပ်စစ်ဖြင့် အာရုံကြောကို လှုပ်ဆော်ပေးသည့် စက်ပစ္စည်း (Intra- scutaneous electrical nerve stimulation machine)
ထိုအမျိုးအစားသည် ဆေးမသောက်လိုသူများအတွက် ရွေးချယ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ထိုစက် ပစ္စည်းမှ သေးငယ်သော လျှပ်စစ်စီးကြောင်းကို ထုတ်လွှတ်ပေးသည်။ ထိုစက်သည် နာကျင်ခြင်းများအတွက် အာရုံကြောများမှ ဦးနှောက်သို့ ပို့လွှတ်ပေးသော သတင်းအချက်အလက်များကို အနှောက်အယှက်ပေးသည်။ သို့သော် ထိုနည်းလမ်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အသုံးပြုနိုင်သည်။
· အခြားသောဆေးများ
အကယ်၍ အထက်ဖော်ပြပါနည်းလမ်းများဖြင့် မသက်သာပါက အခြားသော ဆေးအမျိုးမျိုးကိုလည်း စမ်းသပ် သင့်သည်။ ဥပမာ - ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ဆေးများကို တခါတရံ အသုံးပြုသင့် သည်။ ထိုဆေးများသည် အမြဲတမ်း အသုံးပြုလေ့ရှိသော ဆေးများမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးသည် ပြဿနာတစ်ခုဖြစ်ပြီး ထိုဆေးနှင့် ပတ်သက်၍ ပြုလုပ်ထားသော သုတေသနများမှာ အလွန်နည်းသောကြောင့် ဖြစ်သည်။
· အခြားသော ဆေးများဖြင့် ကုသခြင်း
ရာသီလာစဉ် နာကျင်ခြင်းအတွက် အခြားသော ဆေးများဖြင့် ကုသသည့်နည်းလမ်းကို ထောက်ခံထားသော အထောက်အထားများမှာ လုံလောက်မှု မရှိပေ။ ဥပမာ - ဆေးဘက်ဝင်အပင်များ (သို့) အစားအသောက်ဆိုင် ရာ ဖြည့်စွက်မှုများ ၊ ဓာတ်အပ်စိုက်ခြင်း ၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် ကျောရိုးများကိုနှိပ်နယ်ပေးခြင်း။ အချို့သော သုတေသနအနည်းငယ်က အထက်ဖော်ပြပါနည်းလမ်းအချို့သော နာကျင်ခြင်းအတွက် အထောက် အကူဖြစ်သည်ဟုဆိုသော်လည်း မည်မျှအထိ အာနိသင်ရှိသည်မှာမူ မရှင်းလင်းပေ။ အထက်ဖော်ပြပါ ကုသမှု များသည် ရာသီသွေးဆင်းချိန်တွင် နာကျင်ခြင်းအတွက် အကူအညီဖြစ် မဖြစ် လေ့လာမှုများ ပိုမိုပြုလုပ်ရန် လို သေးသည်။ ထိုဆေးများသည် အခြားမိမိသောက်နေသော ဆေးများအပေါ်တွင်လည်း အနှောက်အယှက်ဖြစ် စေနိုင်သည်ကို သတိပြုရန် လိုအပ်သည်။
ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea)
ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ကို ဖြစ်ပေါ်စေသော အကြောင်းမျာက ဘာလဲ?
တခါတရံ သားအိမ် (သို့) တင်ပဆုံခွက်အတွင်းတွင် ရှိသော ပြဿနာများကြောင့်လည်း ရာသီသွေးဆင်းချိန်တွင် နာကျင်နိုင်သည်။ ဥပမာ - သားအိမ်နံရံပုံမှန်မဟုတ်ခြင်း(Endometriosis)၊ သားအိမ်တွင် အလုံးရှိခြင်း (Fibroids)၊ သားအိမ်အတွင်းနှင့် မ မျိုးဥပြွန် များအတွင်းသို့ ရောဂါပိုးများ ၀င်ရောက်ခြင်း ။
ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ၏ လက္ခဏာများဟာ ဘာလဲ?
အဓိကဖြစ်ပေါ်သော လက္ခဏာမှာ ရာသီလာနေစဉ်အတွင်း ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းဖြစ်သည်။ ထိုအမျိုး အစားတွင် ယခင်နှစ်ပေါင်းများစွာက ရာသီလာစဉ် မည်သည့် ဝေဒနာမျှ မခံစားရခြင်း (သို့) အနည်းငယ်သာ ခံစား ရသော်လည်း နောက်ပိုင်းမှ အလွန် နာကျင်သည့် ဝေဒနာကို ခံစားရခြင်းဖြစ်သည်။
အောက်တွင်ပေးထားသော အချက်များသည် ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) အမျိုးအစားတွင် တွေ့ရသည်။
· အကယ်၍ နာကျင်မှု ပုံစံပြောင်းလဲလာလျှင်။ ဥပမာ - အကယ်၍ ရာသီသွေးဆင်းချိန်တွင် နာကျင်ခြင်းသည် ပုံမှန်အချိန်များထက် ပို၍ နာကျင်ခြင်း (သို့) ပို၍ ရှည်ကြာခြင်း။ အချို့သော အမျိုးသမီးများတွင် ရောဂါအခံ ကြောင့် ရာသီသွေးဆင်းချိန် နာကျင်ပါက ရာသီသွေးမစတင်မှီ ရက်များစွာ အလိုကတည်းကပင် နာကျင်မှု စတင်ပြီး ရာသီသွေးဆင်းနေသည့် ရက်များတွင်လည်း နာကျင်ဆဲ ဖြစ်သည်။ (ထိုအချက်သည် ပထမအမျိုး အစားတွင် ဖြစ်ခဲသည်။)
· အကယ်၍ အခြားသော လက္ခဏာများ ရှိလျှင် - ဥပမာ -
- ရာသီသွေး ပုံမှန်မပေါ်ခြင်း။
- ရာသီသွေးဆင်းချိန် မဟုတ်ဘဲ သွေးဆင်းခြင်း
- ရာသီသွေးဆင်းချိန်မဟုတ်ဘဲ နာကျင်ခြင်း။
- ရာသီသွေးဆင်းပါက ပုံမှန်ထက် ပမာဏပိုများခြင်း။
- ယောနိလမ်းကြောင်းမှ အရည်များဆင်းခြင်း။
- လိင်ဆက်ဆံစဉ် နာကျင်ခြင်း။
- မစင်သွားသည့် လမ်းကြောင်းတွင် နာကျင်ခြင်း။

အကယ်၍ ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းဖြစ်သည်ဟု ဆရာဝန်မှ သံသယဖြစ်ပါက စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်ပေလိမ့်မည်။ ထိုစစ်ဆေးမှုများတွင် သားအိမ်နှင့် တင်ပဆုံများအတွင်းသို့ စစ်ဆေးသည့်အပြင် ၀မ်းဗိုက်ကိုလည်း စစ်ဆေးသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းအရာကို ရှာဖွေရန် ဖြစ်သည်။ ဥပမာ - သားအိမ်တွင် အလုံးတည်ခြင်း။ ရောဂါပိုးဝင်ရောက်ခြင်း ရှိ ၊ မရှိ သိရှိနိုင်ရန်အတွက် ဆရာဝန်မှ စစ်ဆေးနေစဉ်အတွင်း ဂွမ်းစဖြင့် နမူနာများကို ယူပေလိမ့်မည်။
အကယ်၍ ဆရာဝန်မှ လူနာသည် ရောဂါအခံကြောင့် ရာသီလာနေစဉ်အတွင်း နာကျင်ခြင်းဖြစ်သည်ဟု ယုံကြည်ပါက အခြားသော စစ်ဆေးမှုများ ခံယူရန် အထူးကုဆရာဝန်ထံ လွှဲပေးလိမ့်မည်။ အခြားပြုလုပ်ရမည့် စစ်ဆေးမှုများသည် နာကျင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာပေါ်မူတည်သည်။ အခြားသော ပြုလုပ်နိုင်သည့် စစ်ဆေးမှုများမှာ -
· သားအိမ်နှင့် တင်ပဆုံအတွင်းရှိ ကလီစားများကို အာထရာဆောင်းရိုက်ခြင်း။
· သားအိမ်အတွင်းသို့ တယ်လီစကုပ်ဖြင့် ကြည့်ခြင်း။
· တင်ပဆုံအတွင်းရှိ ကလီစားများကို တယ်လီစကုပ်ဖြင့် ကြည့်ခြင်းတို့ဖြစ်သည်။
ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ကို ဘယ်လိုကုသမလဲ?
ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ကို ကုသနိုင်သည့်နည်းလမ်း များသည် ဖြစ်ပေါ်စေသော အကြောင်းအရာပေါ်မူတည်သည်။ (ဥပမာ - သားအိမ်နံရံပုံမှန်မဟုတ်ခြင်း (Endometriosis)၊ သားအိမ်တွင် အလုံးရှိခြင်း(Fibroids)၊ သားအိမ်အတွင်းနှင့် မ မျိုးဥပြွန် များအတွင်းသို့ ရောဂါပိုးများ ၀င်ရောက်ခြင်း ။ ဥပမာပါ ရောဂါများ၏ အသေးစိတ်ကို သီးခြားခေါင်းစဉ်များဖြင့် ဖော်ပြပေးထားပြီး ထိုဆောင်းပါးများတွင် ကုသနည်း ကိုပါ ဖော်ပြပေးသွားပါမည်။)
အကယ်၍ သားအိမ်အတွင်းသို့ ပစ္စည်းထည့်ထားသူဖြစ်ပြီး ရာသီလာချိန် နာကျင်ပါက ပထမအမျိုးအစားတွင် ပါဝင်သည့် ကုသမှုနည်းလမ်းများအတိုင်း ကုသပါက သက်သာပေလိမ့်မည်။ သို့သော် အချို့သော အမျိုးသမီးများတွင် လက္ခဏာများမသက်သာပါက သားအိမ်အတွင်းထည့်ထားသော သားဆက်ခြားပစ္စည်းကို ပြန်ထုတ်ရန် လိုအပ်သည်။
သတိပြုရန်
အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍ ကုသမှုခံယူသင့် ပါသည်။ အထက်ပါ အကြောင်းအရာများ နှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးလိုလျှင် အမေးအဖြကဏ္ဍ ( Forum) တွင် Register ပြုလုပ်၍ လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။
from...www.myanmarhealthcentre.com

ကြွေပေမယ့်လည်း မွှေးနေဆဲ
ဖတ်စေချင်လွန်းလို့ 7day journal မှ ကူးယူဖော်ပြလိုက်ပါတယ်။
ကြွေပေမယ့်လည်း မွှေးနေဆဲ
ဆုဆက်ရည်ပိုး
အတွဲ (၁၆)၊ အမှတ် (၃၂)
ကျောင်းသားငယ်ကို ကယ်တင်ရင်း ကြွေလွင့်ခဲ့သည့် အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဝေ၏ဓာတ်ပုံကို နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)
ကားတိုက်ခါနီး လူတစ်ဦးကို တွန်းထုတ်ကယ်တင်ရင်း ကိုယ်စားဝင်တိုက်ခံရသည့် ဖြစ်ရပ်မျိုး ရုပ်ရှင်ထဲတွင်သာ မြင်ရလေ့ရှိသည်။ သို့သော် အောက်တိုဘာ ၂ ရက် ညနေက အဆိုပါဖြစ်ရပ်မျိုး မှော်ဘီ-ရန်ကုန် ကားလမ်းမဘေးရှိ ဆပ်သွားတော မူလတန်းလွန် ကျောင်းရှေ့၌ ဖြစ်ပွားခဲ့သည်။
နွားတင်ရန်လာသည့် ၁၂ ဘီးကုန်တင်ကားကြီးက ကျောင်းရှေ့အရောက်တွင် လမ်းချဲ့ရန် ခေတ္တလမ်းပိတ်ထားသော နေရာကိုကျော်အတက် ဘတ်စ်ကားတစ်စီးကို ရုတ်တရက်မြင်တွေ့ရသည်။ ဘတ်စ်ကားကို ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ကားလမ်း၌ ရပ်နေသည့် သူငယ်တန်း ကျောင်းသားလေးဆီ ဦးတည်ပြေးဝင်သွားသည်။
သို့သော် ကလေးငယ်၏ကံကြမ္မာကို ပြောင်းပေးခဲ့သူက ဆရာမ။ ဘေးလွတ်ရာတွင် ရှိနေသည့် ဆရာမက ကလေးဆီ ပြေးလာကာ တွန်းထုတ်လိုက်သည်။ သူကိုယ်တိုင်တော့ ပြေးခွင့်မသာဘဲ ကားဘီးနှင့်ညပ်ကာ အသက်စတေးခဲ့ရသည်။ ဆရာမတွန်းထုတ်သော သူငယ်တန်းကျောင်းသားကလေးကတော့ နဖူးကွဲဒဏ်ရာဖြင့် ဆေးရုံတက်ကုသရသော်လည်း သေကံမရောက် အသက်မပျောက်ခဲ့ပေ။
‘‘သူ့နေရာမှာ ကျွန်မဆိုရင်တောင် လုပ်နိုင်ဖို့မလွယ်ဘူး။ သူကတော့ အဲဒီလိုလုပ်မယ့်သူမျိုးဆိုတာ သေချာတယ်’’ဟု ဆပ်သွားတော မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးက ပြောသည်။
အနေအေးပြီး ရိုးသားသည့်ဆပ်သွားတော မူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမဒေါ်သန်းသန်းဝေကို အများက သူ့ပညာဂုဏ်ကို လေးစားရုံသာမက ကိုယ်ကျင့်သိက္ခာ မှတ်ကျောက်အတွက် စံထားရသူဖြစ်သည်။ ဆရာမ အသက် (၂၇) နှစ်တွင် မှော်ဘီမြို့နယ်မှ ကျေးရွာတစ်ရွာရှိ စာသင်ကျောင်းတစ်ကျောင်း၌ ကျောင်းဆရာမဘ၀ကို စတင်ခဲ့သည်။ ထို့နောက် လုပ်သက် သုံး နှစ်အကြာမှစ၍ ကွယ်လွန်ချိန် အသက် (၅၇)နှစ်အထိ ဆပ်သွားတော မူလတန်းလွန်ကျောင်းတွင် ဘ၀ကို မြှုပ်နှံခဲ့သည်။ အခြားကျောင်းများသို့ ရွှေ့ပြောင်းခွင့်ရသော်လည်း ငြင်းဆန်ခဲ့ပြီး (၂၇)နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ခြင်းက ကျောင်းအပေါ်သူထားရှိသည့် သံယောဇဉ်ဖြစ်သည်။
ဆရာမ ဒေါ်သန်းသန်းဝေသည် နံနက် ၇ နာရီထိုးသည်နှင့် ကျောင်းကို ရောက်နေသူဖြစ်သည်။ ဘယ်ဆရာမ၊ ဘယ်ကျောင်းသားမျှ မရောက်သေးချိန်တွင် ကျောင်းကို အရောက်လာတတ်ပြီး သူ့စာသင်ခန်းကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပြီးလျှင် ကျောင်းအိမ်သာကို ဆေးလေ့ရှိသည်။ သူစိုက်ထားသည့် သူ့စာသင်ခန်းထောင့်က ပန်းအိုးလေးတွေကို ရေလောင်း၊ ကျောင်းစိုက်ခင်းကို စိမ်းလန်းအောင် ပေါင်းသင် စသဖြင့် နံနက်အစောကြီး အရောက်လာလုပ်တတ်သည်မှာ ဆရာမ၏ နိစ္စဓူဝအပြုအမူပင်ဖြစ်သည်။ ညနေဆိုလျှင် နံနက်ခင်းအတိုင်း ကျောင်းဝေယျာဝစ္စများလုပ်ပြီးမှ သူပြန်သည်။ ပုံမှန် သူပြန်ချိန်က ညနေ ၅ နာရီ အစောဆုံးဖြစ်သည်။
‘‘သူ့စာသင်ခန်းကို သူ့အိမ်လို နေချင်စဖွယ်ဖြစ်အောင်ထားတာ။ သန့်ရှင်းရေးကိုယ်တိုင်လုပ်တယ်။ အိမ်သာ ကိုယ်တိုင်ဆေးတယ်။ ကလေးတွေကို မခိုင်းဘူး။ သူပဲ ငွေအကုန်ခံ၊ လူအပင်ပန်းခံ အနစ်နာခံလုပ်တာ’’ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးကဆရာမ ဒေါ်သန်းသန်းဝေအကြောင်း ပြောပြသည်။
ဆရာမဒေါ်သန်းသန်းဝေ တာဝန်ထမ်းဆောင်ခဲ့သော မှော်ဘီမြို့နယ်ရှိ မူလွန်ကျောင်း (ဓာတ်ပုံ-ကျော်ဇင်သန်း)
ဆရာမတို့ မိသားစုတွင် မောင်နှမငါးဦးရှိသည့်အနက် ဆရာမက သုံးဦးမြောက်သမီးဖြစ်သည်။ မှော်ဘီမြို့ လေထီးလမ်းရှိ ခြံဝင်းအတွင်း မောင်နှမများစုကာ စည်းစည်းလုံးလုံး နေထိုင်ခြင်းဖြစ်သည်။ ခြံဝင်းအတွင်းက ဆရာမ၊ သမီးလေးနှင့် ခင်ပွန်းသည်တို့ အတူတူနေထိုင်သော ခြေတံရှည်ပျဉ်ထောင်အိမ်လေးကို ဆရာမ ပြင်ဆင်ဖန်တီးထားပုံက ဆရာမ၏ အချုပ်အလုပ်ကျွမ်းကျင်မှု၊ အသန့်အပြန့်ကြိုက်မှုနှင့် သစ်ပင်လေးများကို ချစ်မြတ်နိုးတတ်မှုများ ပေါ်လွင်နေသည်။ အိမ်ပြတင်းတံခါးများကို ဆရာမကိုယ်တိုင်ချုပ် ခန်းဆီးစလေးများဖြင့် အလှဆင်ထားပြီး အိမ်ရှေ့မျက်နှာစာတွင် သစ်ခွ၊ ရွက်လှပန်းအစုံ စိုက်ထားခြင်းက ဆရာမအိမ်၏ အရိပ်အောက် ရောက်သူတိုင်း စိတ်ချမ်းမြေ့စေသည်။
ဆပ်သွားတောကျောင်းတွင် ဆရာမ၏ ပဉ္စမတန်းစာသင်ခန်းလေးက ပြောစမှတ်ပြုရလောက်အောင်ပင် အခြားစာသင်ခန်းများ နှင့်မတူ ကွဲထွက်နေသည်။ ဆရာမကိုယ်တိုင်ချုပ် ခန်းဆီးစအစိမ်းလေးများ တလွင့်လွင့်၊ သင်ထောက်ကူကားချပ်များ အပြည့်အစုံ၊ သောက်ရေအိုး သန့်သန့်စိုစိုနှင့် စာသင်ခန်းလေးက သပ်သပ်ရပ်ရပ်ရှိလှသည်။ သီတင်းကျွတ်ကျောင်းပိတ်ရက်နီး၍ အလှဆင်ထားသည့် စက္ကူမီးပုံးလေးတွေကဆရာမ၏ နောက်ဆုံးလက်ရာဆိုသည်ကိုမပြောဘဲ သိနေနိုင်သလိုအခန်းထောင့်က ရွက်လှပင်စိမ်းစိမ်းလေးတွေက သူတို့ကို ရေလောင်း ပေါင်းသင်ပေးမည့် ဆရာမအလာကို မျှော်နေသလို ထင်ရသည်။
‘‘ကျောင်းကို သံယောဇဉ်တော့ အတော်ကြီးရှာတာ။ နွေရာသီကျောင်းပိတ်ရက်တောင် တစ်ပတ် နှစ်ရက် ပုံမှန်လာတယ်။ သူစိုက်ထားတဲ့ အပင်လေးတွေ သေကုန်မှာစိုးလို့တဲ့’’ဟု ဆပ်သွားတော မူလတန်းလွန်ကျောင်းမှ အထွေထွေလုပ်သား ဦးစန်းဝင်းက ပြောသည်။
နှစ် ၃၀ ခန့် ခင်မင်ရသည့် ကာလတစ်လျှောက် ရိုးရိုးအေးအေးဖြင့် ကျောင်းကိုအိမ်လို မြတ်နိုးသူ ဆရာမ၊ ကျောင်းသားတွေကို အိမ်က သားသမီးနှင့်မခြား စေတနာထားသူ ဆရာမက ယခုကဲ့သို့ ကလေးကို တွန်းဖယ်၊ ကိုယ်စားအသက်ပေး အနစ်နာခံခဲ့သည်ဟူသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာပင်မရှိဟု ဦးစန်းဝင်းက ပြောသည်။
ဆရာမဒေါ်သန်းသန်းဝေ၏ အနစ်နာခံမှုကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် ၂၀၁၇အောက်တိုဘာ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)ကအာဇာနည်အာစရိယဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
‘‘ကလေးလေး ကားတိုက်ခံရမှာစိုးလို့ သူဝင်ကယ်ရင်းဖြစ်သွားတာဆိုတော့ ဒီလိုမျိုးစိတ်ဓာတ်ဆိုတာ တော်ရုံမရှိဘူးလေ။ ကိုယ့်အသက်အန္တရာယ်နဲ့ဆိုရင်တော့ တွန့်ကြတာပဲလေ။ ဆရာမက အဲဒီအချိန်လေးအတွင်းမှာ ကလေးကို ကယ်လိုက်တယ်။ သူကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အဲဒီဆရာမရဲ့ ဆရာစိတ်လေးကို ချီးကျူးဂုဏ်ပြုတာပေါ့’’ဟု MTF ဒုဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် အထက (ခွဲ) အေးမွန်မှ အလယ်တန်းကျောင်းအုပ်ကြီး ဦးအောင် ကျော်သူက မှတ်ချက်ပြုသည်။
ကျောင်းသားများကို အလွန်အကျွံရိုက်နှက်မှု၊ မသင့်တော်သော ဆုံးမမှုနည်းလမ်းများဖြင့် ကျောင်းသားများ အရှက်ရစေမှုကြောင့် ဆရာ၊ ဆရာမ အများစုကိုပြစ်တင်ဝေဖန်မှုများ ရှိနေချိန်တွင် ဆရာမဒေါ်သန်းသန်းဝေ၏ ကျောင်းသားအပေါ် အသက်ပေးကာ ဆရာ့ဝတ် ကျေပွန်သည့် လုပ်ရပ်က ဆရာဂုဏ်သမားဂုဏ်ကို အမြင့်ဆုံးအထိ ဆွဲတင်ခဲ့သည့် ဖြစ်ရပ်လည်းဖြစ်သည်။
‘‘အဲဒီမြင်ကွင်းကို ကျွန်တော့်မျက်စိထဲက ဘယ်တော့မှ မထွက်ဘူး။ ဆရာမကို တွေ့လိုက်ရတာကားဘီးတွေအောက်မှာ’’ဟု ဦးစန်းဝင်းက မျက်ဝန်းအတွင်း မျက်ရည်များဝဲကာ ပြောပြသည်။
မိမိက ညီမလေးတစ်ဦးလို တွေးမြင်ချစ်ခင်ရသူ ဆရာမ၏အသက်မဲ့နေသည့် ခန္ဓာကိုယ်ကို မိမိလက်ဖြင့် ၁၂ ဘီး ကုန်တင်ကားဘီးများကြားက ဆွဲထုတ်ခဲ့ရသည့်နေ့၊ ထိုနေ့က မိုးတွေ အုံ့မှိုင်းနေခြင်းက ဤအဖြစ်ဆိုးကိုပင် ကြိုသိနေသလိုလိုထင်မိကြောင်း ဦးစန်းဝင်းက ပြောပြသည်။
ဦးစန်းဝင်းသည် မှော်ဘီ-ရန်ကုန်ကားလမ်းမကြီးနံဘေးက ဆပ်သွားတော မူလတန်းလွန် ကျောင်းလေးတွင် အထွေထွေလုပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ပြီးခဲ့သည့် ဇူလိုင်က နှစ်(၃၀)ပြည့်ပြီဖြစ်သည်။ ပညာရေး ၀န်ကြီးဌာနက ဦးစန်းဝင်းကို ဆပ်သွားတောကျောင်း၏ အထွေထွေလုပ်သားအဖြစ်မှ အသက် (၆၀)ပြည့် ပင်စင်ဖြင့် အနားယူခွင့်ပြုခဲ့ပြီဖြစ်သည်။ သက်ပြည့်ပင်စင်ဖြင့် အနားယူခွင့်ပြုလိုက်ပြီဖြစ်သော်လည်း မြို့နယ်ကပေးမည့် ပင်စင်ကြေးငွေလေးကိုစောင့်ရင်း နှစ်(၃၀)ကြာ နေ့ရောညပါ အတူတူရှိနေသည့် ဆပ်သွားတော ကျောင်းလေးကို နှုတ်ဆက်ရန် အားယူနေခဲ့သည်မှာ နှစ်လပင်ပြည့်ပြီး အောက်တိုဘာလထဲ ရောက်လာခဲ့သည်။
မှော်ဘီမြို့ရှိ ဆရာမဒေါ်သန်းသန်းဝေ နေထိုင်ခဲ့ရာအိမ် (ဓာတ်ပုံ-ကျော်ဇင်သန်း)
ထိုနေ့... ထိုနေ့ကတော့ မြို့နယ်ကပေးသည့် ပင်စင်ကြေးငွေ ၁၃ သိန်းရပြီဖြစ်၍ နေ့ခင်း ငွေထုတ်ပြီး ကျောင်းသို့ ပြန်လာခဲ့သည်။ သူ ဒီကျောင်းလေးကို မခွဲချင်သေး။ သို့သော် ခွဲရပေဦးမည်လေ။ ပင်စင်ကြေးငွေလေးထုတ်လာပြီး မိတ်ဆွေတွေကို တစ်ခုခုဝယ်ကျွေးချင်စိတ်ပေါ်လာမိသည်။ ထို့ကြောင့်ပင် ဆပ်သွား တောကျောင်းလေးနှင့် မျက်နှာချင်းဆိုင် လမ်းက ခေါက်ဆွဲကြော်ဆိုင်သို့ သူထွက်လာခဲ့သည်။ ပထမနှစ်ဝက်စာမေးပွဲတွေ ကျင်းပနေချိန် ကျောင်းကလည်း အရင်လို ကျောင်းချိန်အပြည့် မဟုတ်တော့။ ယခင်ရက်များက ကျောင်းဆင်းချိန်ဆို ကျောင်းသားတွေ တစ်ပြုံကြီး အပြေးအလွှား ကျောင်းဝင်းထဲက ထွက်လာကြတော့ သည်မှော်ဘီ-ရန်ကုန် ကားလမ်းမမှာ ကလေးတွေ ဘေးကင်းစေဖို့ သူလမ်းကူးပေးနေကျဖြစ်သည်။ ထိုနေ့ကတော့ ကျောင်းဝင်းထဲ ကလေးတွေလည်း မရှိတော့၊ စာမေးပွဲဖြေပြီး ပြန်ကုန်ပြီဖြစ်သည်။
သူ အတွေးတစ်ပိုင်းတစ်စ နှင့် ခေါက်ဆွဲကြော်ဆိုင်သွားရန် ကျောင်းဝင်းထဲက ဖြတ်လျှောက်လာစဉ် သူ့ညီမအရင်းလေးလို ရင်းနှီးချစ်ခင်ရသည့် ဆရာမနှင့် ဆုံမိသည်။ လက်ထဲတွင် အိမ်က သမီးနှင့် ခင်ပွန်းအတွက် ကျောင်းရှေ့အခွန်လွတ်ဈေးမှ ၀ယ်ထားပုံရသော ဟင်းစားအချို့ ဆွဲလာသည့် ဆရာမဒေါ်သန်းသန်းဝေကို သူ နှုတ်ဆက်ခဲ့သည်။
‘‘ဒီနေ့ တယ်စောပါလား’’။ ဆရာမက ပုံမှန် ဒီအချိန် ကျောင်းဆင်းတတ်သူမဟုတ်၊ ယခုမှ အချိန်က နေ့လယ် ၃ နာရီ စွန်းရုံလေးဖြစ်၍ သူမေးခဲ့ခြင်းဖြစ်သည်။
ဆရာမ ဒေါ်သန်းသန်းဝေက ဦးစန်းဝင်းကဲ့သို့ပင် ဆပ်သွားတောကျောင်းလေးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ ဦးစန်းဝင်း အသက်(၃၀)တွင် သည်ကျောင်း၌ အထွေထွေလုပ်သားအဖြစ် စတင်အလုပ်လုပ်ခဲ့သည်။ သူအလုပ်ဝင်ပြီး သုံးနှစ်အကြာတွင် အသက် (၃၀) အရွယ် ဆရာမလေး ဒေါ်သန်းသန်းဝေက အလယ်တန်းပြဆရာမအဖြစ် ဆပ်သွားတောကျောင်းသို့ ရောက်ရှိလာသည်။
ယခုဆိုလျှင် သူပင် အသက် (၆၀)ပြည့် ပင်စင်ရပြီ။ အသက်(၅၇)နှစ်အရွယ် ဆရာမ ဒေါ်သန်းသန်းဝေလည်း အကယ်၍ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင် နောက်သုံးနှစ်အကြာတွင် သူ့လိုပင်စင်ယူကာ သည်ကျောင်းကို ခွဲရတော့မည်။
ဆပ်သွားတောကျောင်းလေး နှင့် အချိန်အကြာကြီး အတူရှိခဲ့သူတွေကို ပြပါဆိုလျှင် သူနှင့် ဆရာမဒေါ်သန်းသန်းဝေကိုသာ ပြရမည် ဖြစ်သည်။ ကျောင်းအပေါ် သံယောဇဉ်ကြီးပုံချင်းကလည်း တူသည်။ ဦးစန်းဝင်းက ကျောင်း နောက်တွင် အိမ်ဆောက်ကာနေသူမို့ နေ့ရောညပါ ကျောင်း၌ရှိနေပြီး ကျောင်းကို စောင့်ရှောက်နေသူဖြစ်သည်။
အောက်တိုဘာ ၂ ရက် ညနေကတော့ ဆရာမဒေါ်သန်းသန်းဝေက နေလည်းသိပ်မကောင်းချင်၊ မနက်ဖြန် ကလေးတွေကို သုပ်ကျွေးမည့် သင်္ဘောသီးသုပ်အတွက် ပြင်ဆင်လို၍ ကျောင်းအုပ်ဆရာမကြီးထံ ၀င်တွေ့နှုတ်ဆက်ကာ စောစောပြန်လာခြင်းဖြစ်သည်။
‘‘မနက်ဖြန် စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ကလေးတွေကို သင်္ဘောသီးသုပ်လုပ်ကျွေးမလို့။ ဒီနေ့ အိမ်စောစောပြန်ပြီး ပြင်ဆင်မလို့လို့ သူပြောသွားတာ’’ဟု ဦးစန်းဝင်းက ထိုညနေ ဆရာမနှင့် ပြောဖြစ်သည့်စကားကို ပြန်ပြောပြသည်။
ဦးစန်းဝင်းနှင့် ဆရာမတို့ စကားတပြောပြောဖြင့် လျှောက်လာရင်း ကျောင်းရှေ့ကားလမ်းဘေးရောက်တော့ အသိဆရာမတစ်ဦးကို စောင့်ဦးမည်ဟုဆိုကာ ဆရာမ ဒေါ်သန်းသန်းဝေက ရပ်ကျန်ခဲ့သည်။ ဦးစန်းဝင်းက ကျောင်းနှင့် မျက်နှာချင်းဆိုင် ဟိုဘက်ကားလမ်းဘက်ခြမ်းက ခေါက်ဆွဲကြော်ဆိုင်ဆီ ကူးလာခဲ့သည်။
ဆပ်သွားတောကျောင်းရှေ့ မှော်ဘီ-ရန်ကုန် ကားလမ်းမက သိပ်မကျယ်ပေ။ သို့သော် ဘတ်စ်ကားများ၊ ဆိုင်ကယ်များနှင့် ကားကြီးများ ဖြတ်သန်းလေ့ရှိသည့်အပြင် ကျောင်းနှင့် ဈေးရှိရာ နေရာ ဖြစ်သဖြင့် လမ်းကူးရခက်သည်။ ဆရာမ ဒေါ်သန်းသန်းဝေက ကျောင်းမှ အိမ်ပြန်လျှင် ဟိုဘက်ကားလမ်းကူးကာ ကားစီးရသူဖြစ်ပြီး ကားလမ်းရှင်းသည်အထိ စောင့်ပြီးမှ လမ်းကူးတတ်သူဖြစ်သည်။ ထိုနေ့ကတော့ သူငယ်ချင်း ဆရာမကိုစောင့်ရင်း လမ်းမကူးသေးဘဲ ရပ်နေသည်။
ဦးစန်းဝင်းက ဟိုဘက်ကားလမ်း ခေါက်ဆွဲကြော်ဆိုင်မှဆရာမကို လှမ်းကြည့်လိုက်သေးသည်။ ၁၅ မိနစ်ခန့်အကြာ ခေါက်ဆွဲကြော်ဝယ်ပြီး ဦးစန်းဝင်းလှည့်အထွက် ဆရာမရှိနေသည့် ကားလမ်းဘက်အခြမ်းတွင် အမှတ် (၄၁) ဘတ်စ်ကားက အရှိန်လျှော့လိုက်သည်။ ထိုကားက ဆရာမကို ကွယ်သွားပြီး သူ မမြင်ရတော့။ သို့သော် ထိုမမြင်ရခြင်းက ခဏဟုသာ သူထင်ခဲ့သည်။ ကားကွယ်သွားပြီး သူ ခြေနှစ်လှမ်း၊ သုံးလှမ်းသာ ဆက်လှမ်းခဲ့ရသေးသည်။ ‘‘ဂျိန်း’’ဆိုသည့်အသံနှင့် လူတွေ အော်သံကို သူ ကြားလိုက်သည်။ ‘‘တိုက်သွားပြီ’’ဟု လူတွေ အော်ကြသည်။ အချိန်က လျှပ်တစ်ပြက်လေးအတွင်း၊ ချက်ချင်း ဆရာမကို သူ စိတ်ပူသွားသည်။
ဟိုဘက်ကားလမ်းကို အပြေးသွားကြည့်တော့ ဆပ်သွားတော ကျောင်းက သူငယ်တန်းကလေးတစ်ဦး ကျောင်းရှေ့လမ်းမတွင် ရပ်ထားသည့်ကားနှင့် ဆောင့်မိပြီးအော်ငိုနေသည်ကို တွေ့ရသည်။ အဖြူ၊ အစိမ်းဝတ် ဆရာမတစ်ဦး ကို သူ့မျက်လုံးထဲမြင်လိုက်သည်။ ထိုစဉ် ဘေးကလူတွေက အော် ပြောကြသည်။ ဆရာမက ကလေးကို တွန်းထုတ်လိုက်တာတဲ့။ သူခုနက မြင်လိုက်သည့် အဖြူ၊အစိမ်းဝတ် ဆရာမကို ထပ်ကြည့်သည်။ ညီမလေးလို ခင်မင်ရသည့် ဆရာမဒေါ်သန်းသန်းဝေ ဟုတ်၊ မဟုတ်။ သူရှာသည်။ နောက်ဆုံးတွင် ၁၂ ဘီးကား၏ ကားဘီးများအောက်၌ ဆရာမကို တွေ့ရသည်။
‘‘ကားဘီးအောက်ကနေ ဆွဲထုတ်ပြီးတော့ ဆရာမက အသက်မရှိတော့ဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ ကျောင်းထဲဝင် သူ့သမီးလေးဆီ ဖုန်းဆက်ခဲ့ရတယ်။ ပွဲချင်းပြီးဆိုတာ ဖုန်းထဲမှာ ပြောမထွက်ခဲ့ဘူး’’ ဟု ဦးစန်းဝင်းကဆိုသည်။
‘‘သမီးမေမေအက်ဆီးဒင့်ဖြစ်လို့ နည်းနည်းခိုက်မိသွားတယ်။ ကျောင်းကိုလိုက်လာပါ’’ ဟုသာ ပြောခဲ့ပြီး သမီးလိုက်လာမှသာ သူ့မိခင်အသက်မရှိတော့ကြောင်း သိရှိခဲ့သည်။
ဆရာမ သမီးသည် အသက် (၂၀)ကျော်ပြီဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်ဖြင့် ကျောင်းပြီးထားသူဖြစ်သည်။
‘‘အချိန်က ၃ နာရီခွဲလောက်ဆိုတော့ ဒီအချိန်က သူ ကျောင်းက ပြန်နေကျအချိန် မဟုတ်တော့ကျောင်းထဲမှာပဲ နည်းနည်းပါးပါး ခိုက်မိတယ်ပေါ့။ အဲဒီလောက်ပဲ ထင်တာ။ ပြီးမှ သူ့သူငယ်ချင်းဆရာမက အိမ်လိုက်လာပြောတယ်။ အိမ်နားက လူတွေပြောတာနဲ့ ကျွန်တော် ဆေးရုံလိုက်သွားမှ အသက်မရှိတော့ဘူးဆိုတာသိတာ’’ဟု ဆရာမဒေါ်သန်းသန်းဝေ၏မောင် ဦးသန်းဆွေက ပြောပြသည်။
ဆပ်သွားတော မူလွန်ကျောင်းလေးကို သံယောဇဉ်ကြီးရှာသူ နှစ်ဦးအနက် သက်ပြည့်ပင်စင်ရလို့ ခွဲချိန်တန်သူပင် မခွဲရသေး။ စာသင်ကောင်းတုန်း၊ ကျောင်းသားတွေကို စောင့်ရှောက်ကောင်းတုန်း ဆရာမက ရုတ်တရက် အရင်ခွဲသွားပြီဖြစ်သည်။ ဆရာမချစ်သော ကျောင်းသားတွေကို သင်္ဘောသီးသုပ်ပင် လုပ်ကျွေးမသွားရရှာသော ဆရာမအတွက် အားလုံးက ၀မ်းနည်းပီတိဖြစ်ရသည့်နေ့ပင်ဖြစ်သည်။ သည်လို ဆရာမတစ်ဦးကို ဆုံးရှုံးခဲ့ရ၍ ၀မ်းနည်းမဆုံးရှိသော်လည်း အသက်ကို ပဓာနမထား၊ အရှိန်နှင့်ပြေးဝင်လာသည့် ကုန်ကားကြီး ရှေ့တည့်တည့်တွင် ရှိနေသည့် သူငယ်တန်းကလေးလေးကို တွန်းထုတ်ကာ ကိုယ်တိုင်တော့ ရှောင်ရှားချိန်ပင်မရခဲ့ဘဲ ကားဘီးတွေအောက် အသက်ပေးခဲ့သည့် ဆရာမ၏လုပ်ရပ်ကို မြင်တွေ့ကြားသိရသူတိုင်း ရင်ထဲထိရှ ပီတိဖြစ်ရသည်သာ။
ဆရာမသည် ကျောင်းအပေါ် အလွန်သံယောဇဉ်ကြီးပြီး အိမ်တွင်နေသည့်အချိန်ထက် ကျောင်း၌နေသည့်အချိန်က ပိုများသည်ဟု မောင်ဖြစ်သူ ဦးသန်းဆွေကဆိုသည်။ နံနက် ၇ နာရီထိုး ကျောင်းအရောက်သွားတတ်ပြီး ဘယ်သူမှ မရောက်ခင် ကျောင်းသန့်ရှင်းရေး လုပ်လေ့ရှိခြင်းကြောင့် ကျောင်းလုံချည်အစိမ်းနှင့် အပေါ်က အရပ်ဝတ်အင်္ကျီမျိုး ၀တ်ဆင်သွားလေ့ရှိသည်။ ကျောင်းတက်ချိန်မှသာ အင်္ကျီအဖြူလဲကာ စာသင်ခန်းထဲဝင်လေ့ရှိသည်။
ညနေ ကျောင်းဆင်းလျှင်လည်း အင်္ကျီအဖြူကိုလဲကာ စာသင်ခန်းသန့်ရှင်းရေးလုပ်ပြီးမှ ပြန်လာလေ့ရှိသည်။ အဖြစ်ဆိုးနှင့် ကြုံတွေ့သည့်အချိန်ကလည်း ကျောင်းလုံချည်အစိမ်းနှင့် အရပ်ဝတ်အင်္ကျီကိုသာ ၀တ်ဆင်ထားသော်လည်း နှစ်(၃၀)ခန့် နေ့တိုင်း အသွားအပြန်လုပ်နေသည့် သည်ပတ်ဝန်းကျင်တွင် ဆရာမကို မသိသူရှား၍ မှော်ဘီမြို့တွင် ထိုဖြစ်ရပ်က ဟိုးလေးတကျော် ဖြစ်ခဲ့သည်။
ဆရာမ၏ အနစ်နာခံမှုအပေါ် အသိအမှတ်ပြုခြင်းကို ပီတိဖြစ်ရသော်လည်း မျှော်လင့်မထားသော ဖြစ်ရပ်ကြောင့် ဖြေမဆည် နိုင်အောင် ၀မ်းနည်းရသည်ဟု မောင်ဖြစ်သူ ဦးသန်းဆွေက ဆိုသည်။
ဆရာမ ဒေါ်သန်းသန်းဝေ ရုပ်အလောင်းကို အောက်တိုဘာ ၄ ရက်က မှော်ဘီမြို့မသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဆရာမကိုချစ်သော၊ ဆရာမကချစ်သော တပည့် ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များ ဆရာမ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့သည်။
‘‘သူကတော့ အရင်ခွဲသွားတာပေါ့။ သူလိုလူအတွက် ကောင်းတဲ့နေရာမှာပဲ ရောက်နေမယ်ဆိုတာ သေချာပါတယ်’’ဟု ဦးစန်းဝင်းက ယုံကြည်မှုနှင့် ၀မ်းနည်းမှုရော စွက်နေသည့်အသံဖြင့် ဆိုသည်။
မိမိအသက်ကို ပဓာနမထား၊ ကြွေချိန်မတန်သေးသည့် ကျောင်းသားလေးအတွက် ကိုယ်စားကြွေပေးခဲ့သူ အာဇာနည်ဆရာမ၊ အာဂဆရာမသည် ကြွေသွားပေမယ့် အားလုံး၏ ရင်ထဲတွင် အမြဲဝေနေဆဲပင်ရှိနေမည်မှာ မလွဲဧကန်ဖြစ်သည်ဟု ဦးစန်းဝင်းက အတိအကျဆိုသည်။
‘‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ’’ဟူသော ဆရာ့ကျင့် ၀တ်တွင် ‘‘ဘေးရန်ဆီးကာ’’ဟူသည့် ကျင့်ဝတ်ကို ဆရာမ ဒေါ်သန်းသန်းဝေက အသက်ဖြင့် ရင်းပြီး ကျေပွန်ခဲ့ပါသည်။ ။
Subscribe to:
Posts (Atom)
Featured Post
ခွေးကိုက်ခံရလျှင်
၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...
Popular Posts
-
www.myanmarhealthcentre.com လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမျိုး...
-
ပုံမှန်ကိုယ်ဝန်တားနည်းလမ်းအမျိုးမျိုးရဲ့ စိတ်ချရမှုကို နှိုင်းယှဉ်ပြထားပါတယ်။ အပေါ်ဆုံးအတန်းက စိတ်အချရဆုံဖြစ်ပြီး အောက်ဆုံးအတန်းက စိတ်...
-
အာသီးရောင်ခြင်း (Tonsilitis) ================= အာသီးရောင်ခြင်း (Tonsilitis) သည် ပုံမှန်အားဖြင့် ရက်အနည်းငယ်အကြာတွင် အလိုအလျောက် ပျောက်သွာ...