Friday, October 20, 2017

ရာသီလာစဉ် နာကျင်ခြင်း (Period Pain - Dysmenorrhoea)

ရာသီလာစဉ် နာကျင်ခြင်း (Period Pain - Dysmenorrhoea)

ရာသီသွေးဆင်းနေချိန်အတွင်း နာကျင်ခြင်းဝေဒနာသည် ဆယ်ကျော်သက် အမျိုးသမီးများနှင့် ငယ်ရွယ်သူများအကြား တွင် အဖြစ်များသည်။ အသက်ကြီးလာသည်နှင့်အမျှ ထိုနာကျင်မှု ဝေဒနာကို ခံစားရခြင်း နည်းလာကြသည်။ အနာ သက်သာစေရန် အနာသက်သာဆေးများကို သောက်သုံးလေ့ရှိသည်။ အမျိုးသမီးအများစုတွင် ရာသီလာနေစဉ် အတွင်း မည်သည့်အတွက်ကြောင့် နာကျင်ခြင်းဖြစ်သည်ကို ရှင်းလင်းစွာ မသိရှိရပေ။ အချို့သော အမျိုးသမီးများတွင် (အထူးသဖြင့်အသက် ၃၀ ကျော်နှင့် ၄၀ ကျော်များတွင်) တင်ပဆုံအတွင်း ပြဿနာတစ်ခုခုရှိခြင်းကြောင့် နာကျင်ခြင်း ဖြစ်ပေါ်သည်။

ဘယ်သူတွေမှာ ရာသီသွေးဆင်းနေချိန် နာကျင်နိုင်သလဲ?

အမျိုးသမီးအများစုတွင် ရာသီလာနေစဉ်အတွင်း နာကျင်ခြင်း ဝေဒနာကို ခံစားရလေ့ရှိသည်။ နာကျင်မှုသည် ပြင်းထန် ခြင်းမရှိသော်လည်း အမျိုးသမီး ၁၀ ယောက်တွင် ၁ ယောက်၌ နာကျင်မှုမှာ ပြင်းထန်လွန်းသဖြင့် နေ့စဉ်ပြုလုပ်နေကျ ဖြစ်သော အလုပ်များ (ဥပမာ - အိမ်မှုကိစ္စများ ၊ အလုပ်သို့ သွားခြင်း ၊ ကျောင်းတက်ခြင်း) ကို မလုပ်နိုင်တော့ပေ။ ရာသီလာချိန်အတွင်း နာကျင်ခြင်းကို ဆရာဝန်များက ဒစ်မနိုးရီးယား (Dysmenorrhoea) ဟု ခေါ်လေ့ရှိသည်။ ထိုနာကျင်ခြင်းသည် တင်ပဆုံခွက်များတွင် ဖြစ်ပေါ်သော နာကျင်ခြင်းအမျိုးအစားများတွင် တစ်ခုအပါဝင် ဖြစ်သည်။

·         ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Primary Dysmenorrhoea)

ထိုအမျိုးအစားသည် အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။ ထိုနာကျင်ခြင်းသည် သားအိမ် (သို့) သားအိမ်ခေါင်းတွင် မည်သည့်ပြဿနာမျှမရှိဘဲ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအမျိုးအစားသည် ဆယ်ကျော်သက်များနှင့် အသက် ၂၀ ကျော် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။

·         ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea)

ထိုအမျိုးအစားသည် သားအိမ် (သို့) သားအိမ်ခေါင်းတွင် ပြဿနာရှိခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသည်။ ထိုအမျိုးအစား သည် အဖြစ်နည်းသော်လည်း အသက် ၃၀ ကျော်နှင့် ၄၀ ကျော်များတွင် အဖြစ်များသည်။

ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Primary Dysmenorrhoea)

ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများဟာ ဘာ လဲ?

ဖြစ်ပေါ်စေသော အကြောင်းအရာများကို ရှင်းလင်းစွာ မသိရှိရပေ။ သားအိမ်သည် ပုံမှန်ပင်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ရှိသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ပရိုစတဂလိုင်ဒင် (Prostagladins) သည်လည်း သားအိမ်နံရံများတွင် ပုံမှန် အတိုင်း စုပြုံလာမြဲဖြစ်သည်။ ပရိုစတဂလိုင်ဒင် (Prostagladins) သည် ရာသီလာနေစဉ်အတွင်း သားအိမ်နံရံများ ညှစ်ရန်နှင့် သားအိမ်နံရံများကို ဖယ်ရှားရာတွင် ကူညီပေးသည်။ ရာသီလာစဉ် နာကျင်ခြင်းဝေဒနာခံစားရသည့် အမျိုး သမီးများတွင် ပရိုစတဂလိုင်ဒင် (Prostagladins) သည် လိုအပ်သည်ထက် ပိုမို၍ စုပုံလာခြင်း (သို့) သားအိမ်သည် ပရိုစတဂလိုင်ဒင် (Prostagladins) ကို တုံ့ပြန်မှု လွန်ကဲသောကြောင့် ဖြစ်သည်။ ထိုအကြောင်းအရာ ၂ ချက်ကြောင့် သားအိမ်သည် ပုံမှန်ထက် ပို၍ ညှစ်လာခြင်းကြောင့် သားအိမ်သို့ သွေးရောက်ရှိမှု နည်းလာပြီး နာကျင်ခြင်းကို ဖြစ်ပေါ် လာစေသည်။

ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း၏ လက္ခဏာများဟာ ဘာလဲ?

အဓိကဖြစ်ပေါ်သော လက္ခဏာမှာ ၀မ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်းဖြစ်သည်။ ရာသီသွေးစပေါ်သည့် အသက် အရွယ်တွင် ထိုဝေဒနာကို ခံစားရလေ့ မရှိသော်လည်း ရာသီသွေးစပေါ်ပြီး ၆ လမှ ၁၂ လကြာမြင့်ပြီးနောက် နာကျင်မှု များ စတင်ဖြစ်ပေါ်လာသည်။ နာကျင်ခြင်းသည်

-        ၀မ်းဗိုက်အောက်ပိုင်းသို့ ပျံ့နှံ့လာပြီး တခါတရံ ခြေထောက်အပေါ်ပိုင်းအထိ ရောက်ရှိနိုင်သည်။

-        ရာသီသွေးစပေါ်သည့်နေ့တွင် စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း အချို့လူများတွင် ရာသီသွေးနောက်ဆုံးရက် မတိုင်မှီ ၁ ရက်အလိုရောက်မှလည်း နာကျင်ခြင်း စတင်နိုင်သည်။

-        နာကျင်ခြင်းသည် ၁၂-၂၄ နာရီကြာမြင့်တတ်ပြီး အချို့အမျိုးသမီးများတွင် ၂-၃ ရက်ကြာမြင့်တတ်သည်။

-        ရာသီလာချိန် တစ်ကြိမ်နှင့် တစ်ကြိမ်တွင် ခံစားရသည့် နာကျင်မှုမှာ မတူညီပေ။ အချို့အချိန်များတွင် ပို၍ နာကျင်တတ်သည်။

-        အသက်ကြီးလာသည်နှင့်အမျှ နာကျင်ခြင်းသည် အဖြစ်နည်းလာပြီး ကလေးမွေးပြီးသည့်အချိန်တွင်လည်း သက်သာနိုင်သည်။

အချို့သော အမျိုးသမီးများသည် နာကျင်ခြင်းအပြင် အခြားသော လက္ခဏာများကိုလည်း ခံစားရသည်။ ဥပမာ -

·         ခေါင်းကိုက်ခြင်း

·         မောပန်းခြင်း

·         မိုက်ခနဲဖြစ်ခြင်း

·         ရင်သားများတင်းခြင်း

·         ဗိုက်လေပွခြင်း

·         ကိုယ်လက် မအီမသာဖြစ်ခြင်း

·         ၀မ်းလျောခြင်း

·         စိတ်ခံစားချက်များခြင်း (သို့) မျက်ရည်လွယ်ခြင်း

မှတ်ချက်။       ။ အောက်ဖော်ပြပါအချက်များသည် ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း အမျိုးအစားကြောင့် ဖြစ်ပေါ်သော လက္ခဏာများမဟုတ်ပေ။

·         ကိုယ်အပူချိန်မြင့်မားခြင်း

·         မိန်းမကိုယ်မှ အရည်များဆင်းခြင်း

·         ရုတ်တရက် ဗိုက်အောင့်ခြင်း

·         လိင်ဆက်ဆံစဉ် နာကျင်ခြင်း

·         ရာသီသွေးဆင်းချိန်မဟုတ်ဘဲ သွေးဆင်းခြင်း

·         လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း

အကယ်၍ အထက်ပါအချက်များ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည်။

ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းအမျိုးအစားကို ဘယ်လိုသတ်မှတ်မလဲ?

အမျိုးသမီးအများစုတွင် (အထူးသဖြင့် ဆယ်ကျော်သက်အမျိုးသမီး) လက္ခဏာများမှာ သိသာထင်ရှားလွန်းသဖြင့် ဆရာဝန်မှ လူနာအား ရောဂါရာဇ၀င်ကို မေးမြန်းယုံမျှဖြင့်ပင် ရောဂါကို သတ်မှတ်နိုင်သည်။ ဆရာဝန်မှ ပုံမှန်ဟုတ် မဟုတ် ၀မ်းဗိုက်ကို စမ်းသပ်နိုင်သည်။

စစ်ဆေးမှုများနှင့် တင်ပဆုံအတွင်းပိုင်းသို့ စမ်းသပ်ခြင်းများကို အများအားဖြင့် ပြုလုပ်လေ့မရှိပေ။ သို့သော် ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းအမျိုးအစားဖြစ်သည်ဟု မသေချာလျှင် (သို့) ရောဂါ အခံကြောင့် နာကျင်ခြင်းဖြစ်သည်ဟု သံသယရှိပါက စစ်ဆေးမှုများ ပြုလုပ်သည်။

ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်ုတွင် နာကျင်ခြင်းအမျိုးအစားကို ဘယ်လိုကုသမလဲ?

အမျိုးသမီးအများစု၌ ရာသီသွေးဆင်းချိန်တွင် နာကျင်ခြင်းမှာ မပြင်းထန်သဖြင့် အိမ်တွင်ပင် ကုသနိုင်သည်။ သို့သော် အကယ်၍ နာကျင်ခြင်းသည် ပိုမိုပြင်းထန်လာပြီး နေ့စဉ် ဆောင်ရွက်မှုများကိုပါ ထိခိုက်လာပါက ဆရာဝန်နှင့် ပြသသင့်သည်။

အကယ်၍ ရောဂါအခံကြောင့် မဟုတ်ဘဲ ရာသီသွေးပေါ်ချိန်ုတွင် နာကျင်ခြင်းအမျိုးအစားဖြစ်ပါက ကုသနိုင်သည့် နည်းလမ်းများစွာ ရှိသည်။

·         ရေနွေးအိတ်ကပ်ပေးခြင်း

ဝမ်းဗိုက်အောက်ပိုင်းတွင် ရေနွေးပုလင်းကို ကပ်ပေးပါက (သို့) ရေပူဖြင့် ရေချိုးပေးပါက နာကျင်ခြင်းကို သက် သာစေနိုင်သည်။ နာကျင်ခြင်းသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လေ့မရှိပေ။ ရေပူကပ်ချိန်တွင် ရေနွေးပုလင်းတွင် နွေးယုံသာ ထည့်ရမည်။

·         စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers)

ထိုဆေးကို သောက်လိုက်ပါက အမျိုးသမီး ၁၀ ယောက်တွင် ၇ ယောက်၌ နာကျင်ခြင်း သက်သာသွားလေ့ ရှိသည်။ ထိုဆေးများသည် နာကျင်ခြင်းကို ဖြစ်ပေါ်စေသည်ဟု ထင်ရသော ပရိုစတဂလိုင်ဒင် (Prostagladins) ၏ အာနိသင်ကို ပိတ်ဆို့ပေးသည်။ ထိုအုပ်စုတွင် ပါဝင်သော ဆေးအမျိုးအစားများစွာ ရှိပြီး အမည်အမျိုးမျိုးဖြင့် ဈေးကွက်တွင် တွေ့ရသည်။ စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers) ကို သောက်သည့်အခါ အောက်ပါအချက်များကို လိုက်နာရန် လိုအပ်သည်။

-နာကျင်မှုစတင်ဖြစ်ပေါ်သည်နှင့် (သို့) ရာသီသွေးစပေါ်သည့် အချိန်၌ ပထမအကြိမ် ဆေးကို သောက် ပါ။ အချို့သော ဆရာဝန်များက ရာသီသွေးမပေါ်မှီ ၁ ရက် အလိုကတည်းက ဆေးသောက် ထားရန် အကြံပြုလေ့ရှိသည်။  ထိုသို့သောက်ထားပါက နာကျင်ခြင်းဖြစ်ပေါ်ခြင်းကို တားဆေးပေးလိမ့်မည်။

-ဆေးကို ရာသီလာနေစဉ် ၂-၃ ရက် ပုံမှန်သောက်ရန် လိုအပ်သည်။ နာကျင်မှ ဆေးကို မသောက်ပါ နှင့်။

-လုံလောက်သော ဆေးပမာဏကို သောက်ပါ။ (ဆေးကို လျော့မသောက်ပါနှင့်) အကယ်၍ နာကျင် ခြင်းသည် မသက်သာပါက မိမိသောက်နေသော ဆေးပမာဏသည် လျော့နည်းနေသလားဆိုသည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးပမာဏထပ်တိုးလိုက်ပါက နာကျင်မှု သက်သာသွားနိုင်သည်။

-အချို့သော အမျိုးသမီးများသည် စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေး များ (Non-steroidal anti-inflammatory painkillers) ကို မသောက်သင့်ပေ။ (ဥပမာ - အစာအိမ်တွင် အနာရှိခြင်း ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ)

- ထိုဆေးကို ရာသီတစ်ကြိမ်လာလျှင် ရက်အနည်းငယ်သာသောက်ပါက ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မူ အလွန်နည်းသည်။ ဆေးဘူးခွံနှင့်အတူပါလာသော ဆေးအညွန်းတွင် ရေးသားဖော်ပြထားသည့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် သတိပြုရမည့် အချက်များကို သေချာစွာဖတ်ပါ။

·         ပါရာစီတမော (Paracetamol)

စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers) သောက်သုံးရန် မသင့်သူများ ဖြစ်ပါက ပါရာစီတမော (Paracetamol) သောက်နိုင်သည်။ သို့မဟုတ် စတီးရွိုက်မပါဝင်သော အရောင်ကျဆေးနှင့် အနာသက်သာဆေးများ (Non-steroidal anti-inflammatory painkillers) သောက်သော်လည်း မသက်သာပါက ၂ မျိုးစလုံးတွဲသောက်နိုင်သည်။ ဆေး ဘူးခွံတွင် ပါလာသည့်ဆေးအညွှန်းများကို သေချာစွာ ဖတ်ခြင်းဖြင့် အများဆုံးသောက်နိုင်သည့် ဆေးပမာဏ ကို သိရှိနိုင်လိမ့်မည်။

·         ဟော်မုန်းပေါင်းစပ်ထားသော ဆေးလုံးများ ၊ ဆေးထုပ်များ (သို့) ကွင်းများ

အကယ်၍ သားဆက်ခြင်းခြင်းကိုပါ ပြုလုပ်လိုပါက အထက်ဖော်ပြပါ ၃ မျိုးမှ ၁ မျိုးကို ရွေးချယ်နိုင်သည်။ အကယ်၍ ဟော်မုန်းဆေးများသုံးနေပါက ရာသီသွေးများစွာ ဆင်းမည်မဟုတ်ပေ။ တခါတရံ ရာသီသွေးဆင်း ခြင်း ရပ်တန့်သွားသဖြင့် ၁ နှစ်တွင် ရာသီပေါ်သည်လ အနည်းငယ်သာရှိသဖြင့် နာကျင်ခြင်းခံစားရသည့် အရေအတွက်ကို လျော့နည်းသွားစေလိမ့်မည်။

·         သားအိမ်အတွင်းသို့ ပစ္စည်းထည့်သည့် နည်းလမ်း (Intrauterine system)

အကယ်၍ ရေရှည်သားဆက်ခြားလိုပါက သားအိမ်အတွင်းသို့ ပစ္စည်းတစ်မျိုးကို ထည့်ထားနိုင်သည်။ ထို ပစ္စည်းသည် လီဗိုနိုဂျက်စ်ထရဲ (Levonogesteral) ဟု ခေါ်သည့် ဟော်မုန်းတစ်မျိုးကို ဖြေးဖြေးခြင်း လွှတ်ပေးသည်။ ထိုဟော်မုန်းသည် သားအိမ်နံရံများကို ပါးစေသည်။ ထိုပစ္စည်းသည် သားဆက်ခြားခြင်း အတွက် ကောင်းမွန်သကဲ့သို့ နာကျင်ခြင်းနှင့် ရာသီသွေးဆင်းသည့် ပမာဏကိုပါ နည်းစေသည်။

·         အခြားသော ပရိုဂျက်စထိုဂျင် (Progestrogen) ပါဝင်သည့် သားဆက်ခြားဆေးများ

အကယ်၍ သားဆက်ခြားသည့် အာနိသင်ကိုပါ အလိုရှိပါက အခြားရွေးချယ်နိုင်သည့် နည်းလမ်းတစ်ခုမှာ ပရိုဂျက်စထိုဂျင် (Progestrogen) ပါဝင်သည့် အခြားသော သားဆက်ခြားဆေးများကို အသုံးပြုခြင်းဖြစ်သည်။ ထိုရွေးချယ်စရာနည်းလမ်းများမှာ Depo-Provera အမည်ရှိ ထိုးဆေးနှင့် Cerazette အမည်ရှိ သောက်ဆေး များ ပါဝင်သည်။

·         အရေပြားအောက်ကို မြှုပ်ထည့်ရသော လျှပ်စစ်ဖြင့် အာရုံကြောကို လှုပ်ဆော်ပေးသည့် စက်ပစ္စည်း (Intra- scutaneous electrical nerve stimulation machine)

ထိုအမျိုးအစားသည် ဆေးမသောက်လိုသူများအတွက် ရွေးချယ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ထိုစက် ပစ္စည်းမှ သေးငယ်သော လျှပ်စစ်စီးကြောင်းကို ထုတ်လွှတ်ပေးသည်။ ထိုစက်သည် နာကျင်ခြင်းများအတွက် အာရုံကြောများမှ ဦးနှောက်သို့ ပို့လွှတ်ပေးသော သတင်းအချက်အလက်များကို အနှောက်အယှက်ပေးသည်။ သို့သော် ထိုနည်းလမ်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အသုံးပြုနိုင်သည်။

·         အခြားသောဆေးများ

အကယ်၍ အထက်ဖော်ပြပါနည်းလမ်းများဖြင့် မသက်သာပါက အခြားသော ဆေးအမျိုးမျိုးကိုလည်း စမ်းသပ် သင့်သည်။ ဥပမာ - ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ဆေးများကို တခါတရံ အသုံးပြုသင့် သည်။ ထိုဆေးများသည် အမြဲတမ်း အသုံးပြုလေ့ရှိသော ဆေးများမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးသည် ပြဿနာတစ်ခုဖြစ်ပြီး ထိုဆေးနှင့် ပတ်သက်၍ ပြုလုပ်ထားသော သုတေသနများမှာ အလွန်နည်းသောကြောင့် ဖြစ်သည်။

·         အခြားသော ဆေးများဖြင့် ကုသခြင်း

ရာသီလာစဉ် နာကျင်ခြင်းအတွက် အခြားသော ဆေးများဖြင့် ကုသသည့်နည်းလမ်းကို ထောက်ခံထားသော အထောက်အထားများမှာ လုံလောက်မှု မရှိပေ။ ဥပမာ - ဆေးဘက်ဝင်အပင်များ (သို့) အစားအသောက်ဆိုင် ရာ ဖြည့်စွက်မှုများ ၊ ဓာတ်အပ်စိုက်ခြင်း ၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် ကျောရိုးများကိုနှိပ်နယ်ပေးခြင်း။ အချို့သော သုတေသနအနည်းငယ်က အထက်ဖော်ပြပါနည်းလမ်းအချို့သော နာကျင်ခြင်းအတွက် အထောက် အကူဖြစ်သည်ဟုဆိုသော်လည်း မည်မျှအထိ အာနိသင်ရှိသည်မှာမူ မရှင်းလင်းပေ။ အထက်ဖော်ပြပါ ကုသမှု များသည် ရာသီသွေးဆင်းချိန်တွင် နာကျင်ခြင်းအတွက် အကူအညီဖြစ် မဖြစ် လေ့လာမှုများ ပိုမိုပြုလုပ်ရန် လို သေးသည်။ ထိုဆေးများသည် အခြားမိမိသောက်နေသော ဆေးများအပေါ်တွင်လည်း အနှောက်အယှက်ဖြစ် စေနိုင်သည်ကို သတိပြုရန် လိုအပ်သည်။

ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea)

ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ကို ဖြစ်ပေါ်စေသော အကြောင်းမျာက ဘာလဲ?

တခါတရံ သားအိမ် (သို့) တင်ပဆုံခွက်အတွင်းတွင် ရှိသော ပြဿနာများကြောင့်လည်း ရာသီသွေးဆင်းချိန်တွင် နာကျင်နိုင်သည်။ ဥပမာ - သားအိမ်နံရံပုံမှန်မဟုတ်ခြင်း(Endometriosis)၊ သားအိမ်တွင် အလုံးရှိခြင်း (Fibroids)၊ သားအိမ်အတွင်းနှင့် မ မျိုးဥပြွန် များအတွင်းသို့ ရောဂါပိုးများ ၀င်ရောက်ခြင်း ။

ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ၏ လက္ခဏာများဟာ ဘာလဲ?

အဓိကဖြစ်ပေါ်သော လက္ခဏာမှာ ရာသီလာနေစဉ်အတွင်း ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းဖြစ်သည်။ ထိုအမျိုး အစားတွင် ယခင်နှစ်ပေါင်းများစွာက ရာသီလာစဉ် မည်သည့် ဝေဒနာမျှ မခံစားရခြင်း (သို့) အနည်းငယ်သာ ခံစား ရသော်လည်း နောက်ပိုင်းမှ အလွန် နာကျင်သည့် ဝေဒနာကို ခံစားရခြင်းဖြစ်သည်။

အောက်တွင်ပေးထားသော အချက်များသည် ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) အမျိုးအစားတွင် တွေ့ရသည်။

·         အကယ်၍ နာကျင်မှု ပုံစံပြောင်းလဲလာလျှင်။ ဥပမာ - အကယ်၍ ရာသီသွေးဆင်းချိန်တွင် နာကျင်ခြင်းသည် ပုံမှန်အချိန်များထက် ပို၍ နာကျင်ခြင်း (သို့) ပို၍ ရှည်ကြာခြင်း။ အချို့သော အမျိုးသမီးများတွင် ရောဂါအခံ ကြောင့် ရာသီသွေးဆင်းချိန် နာကျင်ပါက ရာသီသွေးမစတင်မှီ ရက်များစွာ အလိုကတည်းကပင် နာကျင်မှု စတင်ပြီး ရာသီသွေးဆင်းနေသည့် ရက်များတွင်လည်း နာကျင်ဆဲ ဖြစ်သည်။ (ထိုအချက်သည် ပထမအမျိုး အစားတွင် ဖြစ်ခဲသည်။)

·         အကယ်၍ အခြားသော လက္ခဏာများ ရှိလျှင် - ဥပမာ -

-        ရာသီသွေး ပုံမှန်မပေါ်ခြင်း။

-        ရာသီသွေးဆင်းချိန် မဟုတ်ဘဲ သွေးဆင်းခြင်း

-        ရာသီသွေးဆင်းချိန်မဟုတ်ဘဲ နာကျင်ခြင်း။

-        ရာသီသွေးဆင်းပါက ပုံမှန်ထက် ပမာဏပိုများခြင်း။

-        ယောနိလမ်းကြောင်းမှ အရည်များဆင်းခြင်း။

-        လိင်ဆက်ဆံစဉ် နာကျင်ခြင်း။

-        မစင်သွားသည့် လမ်းကြောင်းတွင် နာကျင်ခြင်း။

အကယ်၍ အထက်ပါအချက်များ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည်။

ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea)

အကယ်၍ ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်းဖြစ်သည်ဟု ဆရာဝန်မှ သံသယဖြစ်ပါက စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်ပေလိမ့်မည်။ ထိုစစ်ဆေးမှုများတွင် သားအိမ်နှင့် တင်ပဆုံများအတွင်းသို့ စစ်ဆေးသည့်အပြင် ၀မ်းဗိုက်ကိုလည်း စစ်ဆေးသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းအရာကို ရှာဖွေရန် ဖြစ်သည်။ ဥပမာ - သားအိမ်တွင် အလုံးတည်ခြင်း။ ရောဂါပိုးဝင်ရောက်ခြင်း ရှိ ၊ မရှိ သိရှိနိုင်ရန်အတွက် ဆရာဝန်မှ စစ်ဆေးနေစဉ်အတွင်း ဂွမ်းစဖြင့် နမူနာများကို ယူပေလိမ့်မည်။

အကယ်၍ ဆရာဝန်မှ လူနာသည် ရောဂါအခံကြောင့် ရာသီလာနေစဉ်အတွင်း နာကျင်ခြင်းဖြစ်သည်ဟု ယုံကြည်ပါက အခြားသော စစ်ဆေးမှုများ ခံယူရန် အထူးကုဆရာဝန်ထံ လွှဲပေးလိမ့်မည်။ အခြားပြုလုပ်ရမည့် စစ်ဆေးမှုများသည် နာကျင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာပေါ်မူတည်သည်။ အခြားသော ပြုလုပ်နိုင်သည့် စစ်ဆေးမှုများမှာ -

·         သားအိမ်နှင့် တင်ပဆုံအတွင်းရှိ ကလီစားများကို အာထရာဆောင်းရိုက်ခြင်း။

·         သားအိမ်အတွင်းသို့ တယ်လီစကုပ်ဖြင့် ကြည့်ခြင်း။

·         တင်ပဆုံအတွင်းရှိ ကလီစားများကို တယ်လီစကုပ်ဖြင့် ကြည့်ခြင်းတို့ဖြစ်သည်။

ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ကို ဘယ်လိုကုသမလဲ?

ရောဂါအခံကြောင့် ရာသီသွေးပေါ်ချိန်တွင် နာကျင်ခြင်း (Secondary Dysmenorrhoea) ကို ကုသနိုင်သည့်နည်းလမ်း များသည် ဖြစ်ပေါ်စေသော အကြောင်းအရာပေါ်မူတည်သည်။ (ဥပမာ - သားအိမ်နံရံပုံမှန်မဟုတ်ခြင်း  (Endometriosis)၊ သားအိမ်တွင် အလုံးရှိခြင်း(Fibroids)၊ သားအိမ်အတွင်းနှင့် မ မျိုးဥပြွန် များအတွင်းသို့ ရောဂါပိုးများ ၀င်ရောက်ခြင်း ။ ဥပမာပါ ရောဂါများ၏ အသေးစိတ်ကို သီးခြားခေါင်းစဉ်များဖြင့် ဖော်ပြပေးထားပြီး ထိုဆောင်းပါးများတွင် ကုသနည်း ကိုပါ ဖော်ပြပေးသွားပါမည်။)

အကယ်၍ သားအိမ်အတွင်းသို့ ပစ္စည်းထည့်ထားသူဖြစ်ပြီး ရာသီလာချိန် နာကျင်ပါက ပထမအမျိုးအစားတွင် ပါဝင်သည့် ကုသမှုနည်းလမ်းများအတိုင်း ကုသပါက သက်သာပေလိမ့်မည်။ သို့သော် အချို့သော အမျိုးသမီးများတွင် လက္ခဏာများမသက်သာပါက သားအိမ်အတွင်းထည့်ထားသော သားဆက်ခြားပစ္စည်းကို ပြန်ထုတ်ရန် လိုအပ်သည်။

သတိပြုရန်

အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍  ကုသမှုခံယူသင့် ပါသည်။ အထက်ပါ အကြောင်းအရာများ နှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးလိုလျှင် အမေးအဖြကဏ္ဍ ( Forum) တွင် Register ပြုလုပ်၍ လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။

from...www.myanmarhealthcentre.com

No comments:

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts