Friday, October 20, 2017

ကြွေပေမယ့်လည်း မွှေးနေဆဲ

ဖတ်စေချင်လွန်းလို့ 7day journal မှ ကူးယူဖော်ပြလိုက်ပါတယ်။

ကြွေပေမယ့်လည်း မွှေးနေဆဲ

ဆုဆက်ရည်ပိုး

အတွဲ (၁၆)၊ အမှတ် (၃၂)

ကျောင်းသားငယ်ကို ကယ်တင်ရင်း ကြွေလွင့်ခဲ့သည့် အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဝေ၏ဓာတ်ပုံကို နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

ကားတိုက်ခါနီး လူတစ်ဦးကို တွန်းထုတ်ကယ်တင်ရင်း ကိုယ်စားဝင်တိုက်ခံရသည့် ဖြစ်ရပ်မျိုး ရုပ်ရှင်ထဲတွင်သာ မြင်ရလေ့ရှိသည်။ သို့သော် အောက်တိုဘာ ၂ ရက် ညနေက အဆိုပါဖြစ်ရပ်မျိုး မှော်ဘီ-ရန်ကုန် ကားလမ်းမဘေးရှိ ဆပ်သွားတော မူလတန်းလွန် ကျောင်းရှေ့၌ ဖြစ်ပွားခဲ့သည်။

နွားတင်ရန်လာသည့် ၁၂ ဘီးကုန်တင်ကားကြီးက ကျောင်းရှေ့အရောက်တွင် လမ်းချဲ့ရန် ခေတ္တလမ်းပိတ်ထားသော နေရာကိုကျော်အတက် ဘတ်စ်ကားတစ်စီးကို ရုတ်တရက်မြင်တွေ့ရသည်။ ဘတ်စ်ကားကို ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ကားလမ်း၌ ရပ်နေသည့် သူငယ်တန်း ကျောင်းသားလေးဆီ ဦးတည်ပြေးဝင်သွားသည်။

သို့သော် ကလေးငယ်၏ကံကြမ္မာကို ပြောင်းပေးခဲ့သူက ဆရာမ။ ဘေးလွတ်ရာတွင် ရှိနေသည့် ဆရာမက ကလေးဆီ ပြေးလာကာ တွန်းထုတ်လိုက်သည်။ သူကိုယ်တိုင်တော့ ပြေးခွင့်မသာဘဲ ကားဘီးနှင့်ညပ်ကာ အသက်စတေးခဲ့ရသည်။ ဆရာမတွန်းထုတ်သော သူငယ်တန်းကျောင်းသားကလေးကတော့ နဖူးကွဲဒဏ်ရာဖြင့် ဆေးရုံတက်ကုသရသော်လည်း သေကံမရောက် အသက်မပျောက်ခဲ့ပေ။

‘‘သူ့နေရာမှာ ကျွန်မဆိုရင်တောင် လုပ်နိုင်ဖို့မလွယ်ဘူး။ သူကတော့ အဲဒီလိုလုပ်မယ့်သူမျိုးဆိုတာ သေချာတယ်’’ဟု ဆပ်သွားတော မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးက ပြောသည်။

အနေအေးပြီး ရိုးသားသည့်ဆပ်သွားတော မူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမဒေါ်သန်းသန်းဝေကို အများက သူ့ပညာဂုဏ်ကို လေးစားရုံသာမက ကိုယ်ကျင့်သိက္ခာ မှတ်ကျောက်အတွက် စံထားရသူဖြစ်သည်။ ဆရာမ အသက် (၂၇) နှစ်တွင် မှော်ဘီမြို့နယ်မှ ကျေးရွာတစ်ရွာရှိ စာသင်ကျောင်းတစ်ကျောင်း၌ ကျောင်းဆရာမဘ၀ကို စတင်ခဲ့သည်။ ထို့နောက် လုပ်သက် သုံး နှစ်အကြာမှစ၍ ကွယ်လွန်ချိန် အသက် (၅၇)နှစ်အထိ ဆပ်သွားတော မူလတန်းလွန်ကျောင်းတွင် ဘ၀ကို မြှုပ်နှံခဲ့သည်။ အခြားကျောင်းများသို့ ရွှေ့ပြောင်းခွင့်ရသော်လည်း ငြင်းဆန်ခဲ့ပြီး (၂၇)နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ခြင်းက ကျောင်းအပေါ်သူထားရှိသည့် သံယောဇဉ်ဖြစ်သည်။

ဆရာမ ဒေါ်သန်းသန်းဝေသည် နံနက် ၇ နာရီထိုးသည်နှင့် ကျောင်းကို ရောက်နေသူဖြစ်သည်။ ဘယ်ဆရာမ၊ ဘယ်ကျောင်းသားမျှ မရောက်သေးချိန်တွင် ကျောင်းကို အရောက်လာတတ်ပြီး သူ့စာသင်ခန်းကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပြီးလျှင် ကျောင်းအိမ်သာကို ဆေးလေ့ရှိသည်။ သူစိုက်ထားသည့် သူ့စာသင်ခန်းထောင့်က ပန်းအိုးလေးတွေကို ရေလောင်း၊ ကျောင်းစိုက်ခင်းကို စိမ်းလန်းအောင် ပေါင်းသင် စသဖြင့် နံနက်အစောကြီး အရောက်လာလုပ်တတ်သည်မှာ ဆရာမ၏ နိစ္စဓူဝအပြုအမူပင်ဖြစ်သည်။ ညနေဆိုလျှင် နံနက်ခင်းအတိုင်း ကျောင်းဝေယျာဝစ္စများလုပ်ပြီးမှ သူပြန်သည်။ ပုံမှန် သူပြန်ချိန်က ညနေ ၅ နာရီ အစောဆုံးဖြစ်သည်။

‘‘သူ့စာသင်ခန်းကို သူ့အိမ်လို နေချင်စဖွယ်ဖြစ်အောင်ထားတာ။ သန့်ရှင်းရေးကိုယ်တိုင်လုပ်တယ်။ အိမ်သာ ကိုယ်တိုင်ဆေးတယ်။ ကလေးတွေကို မခိုင်းဘူး။ သူပဲ ငွေအကုန်ခံ၊ လူအပင်ပန်းခံ အနစ်နာခံလုပ်တာ’’ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးကဆရာမ ဒေါ်သန်းသန်းဝေအကြောင်း ပြောပြသည်။


ဆရာမဒေါ်သန်းသန်းဝေ တာဝန်ထမ်းဆောင်ခဲ့သော မှော်ဘီမြို့နယ်ရှိ မူလွန်ကျောင်း (ဓာတ်ပုံ-ကျော်ဇင်သန်း)

ဆရာမတို့ မိသားစုတွင် မောင်နှမငါးဦးရှိသည့်အနက် ဆရာမက သုံးဦးမြောက်သမီးဖြစ်သည်။ မှော်ဘီမြို့ လေထီးလမ်းရှိ ခြံဝင်းအတွင်း မောင်နှမများစုကာ စည်းစည်းလုံးလုံး နေထိုင်ခြင်းဖြစ်သည်။ ခြံဝင်းအတွင်းက ဆရာမ၊ သမီးလေးနှင့် ခင်ပွန်းသည်တို့ အတူတူနေထိုင်သော ခြေတံရှည်ပျဉ်ထောင်အိမ်လေးကို ဆရာမ ပြင်ဆင်ဖန်တီးထားပုံက ဆရာမ၏ အချုပ်အလုပ်ကျွမ်းကျင်မှု၊ အသန့်အပြန့်ကြိုက်မှုနှင့် သစ်ပင်လေးများကို ချစ်မြတ်နိုးတတ်မှုများ ပေါ်လွင်နေသည်။ အိမ်ပြတင်းတံခါးများကို ဆရာမကိုယ်တိုင်ချုပ် ခန်းဆီးစလေးများဖြင့် အလှဆင်ထားပြီး အိမ်ရှေ့မျက်နှာစာတွင် သစ်ခွ၊ ရွက်လှပန်းအစုံ စိုက်ထားခြင်းက ဆရာမအိမ်၏ အရိပ်အောက် ရောက်သူတိုင်း စိတ်ချမ်းမြေ့စေသည်။

ဆပ်သွားတောကျောင်းတွင် ဆရာမ၏ ပဉ္စမတန်းစာသင်ခန်းလေးက ပြောစမှတ်ပြုရလောက်အောင်ပင်  အခြားစာသင်ခန်းများ နှင့်မတူ ကွဲထွက်နေသည်။ ဆရာမကိုယ်တိုင်ချုပ် ခန်းဆီးစအစိမ်းလေးများ တလွင့်လွင့်၊ သင်ထောက်ကူကားချပ်များ အပြည့်အစုံ၊ သောက်ရေအိုး သန့်သန့်စိုစိုနှင့် စာသင်ခန်းလေးက သပ်သပ်ရပ်ရပ်ရှိလှသည်။ သီတင်းကျွတ်ကျောင်းပိတ်ရက်နီး၍ အလှဆင်ထားသည့် စက္ကူမီးပုံးလေးတွေကဆရာမ၏ နောက်ဆုံးလက်ရာဆိုသည်ကိုမပြောဘဲ သိနေနိုင်သလိုအခန်းထောင့်က ရွက်လှပင်စိမ်းစိမ်းလေးတွေက သူတို့ကို ရေလောင်း ပေါင်းသင်ပေးမည့် ဆရာမအလာကို မျှော်နေသလို ထင်ရသည်။

‘‘ကျောင်းကို သံယောဇဉ်တော့ အတော်ကြီးရှာတာ။ နွေရာသီကျောင်းပိတ်ရက်တောင် တစ်ပတ် နှစ်ရက် ပုံမှန်လာတယ်။ သူစိုက်ထားတဲ့ အပင်လေးတွေ သေကုန်မှာစိုးလို့တဲ့’’ဟု ဆပ်သွားတော မူလတန်းလွန်ကျောင်းမှ အထွေထွေလုပ်သား ဦးစန်းဝင်းက ပြောသည်။

နှစ် ၃၀ ခန့် ခင်မင်ရသည့် ကာလတစ်လျှောက် ရိုးရိုးအေးအေးဖြင့် ကျောင်းကိုအိမ်လို မြတ်နိုးသူ ဆရာမ၊ ကျောင်းသားတွေကို အိမ်က သားသမီးနှင့်မခြား စေတနာထားသူ ဆရာမက ယခုကဲ့သို့ ကလေးကို တွန်းဖယ်၊ ကိုယ်စားအသက်ပေး အနစ်နာခံခဲ့သည်ဟူသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာပင်မရှိဟု ဦးစန်းဝင်းက ပြောသည်။

ဆရာမဒေါ်သန်းသန်းဝေ၏ အနစ်နာခံမှုကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် ၂၀၁၇အောက်တိုဘာ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)ကအာဇာနည်အာစရိယဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

‘‘ကလေးလေး ကားတိုက်ခံရမှာစိုးလို့ သူဝင်ကယ်ရင်းဖြစ်သွားတာဆိုတော့ ဒီလိုမျိုးစိတ်ဓာတ်ဆိုတာ တော်ရုံမရှိဘူးလေ။ ကိုယ့်အသက်အန္တရာယ်နဲ့ဆိုရင်တော့ တွန့်ကြတာပဲလေ။ ဆရာမက အဲဒီအချိန်လေးအတွင်းမှာ ကလေးကို  ကယ်လိုက်တယ်။ သူကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အဲဒီဆရာမရဲ့ ဆရာစိတ်လေးကို ချီးကျူးဂုဏ်ပြုတာပေါ့’’ဟု MTF ဒုဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် အထက (ခွဲ) အေးမွန်မှ အလယ်တန်းကျောင်းအုပ်ကြီး ဦးအောင် ကျော်သူက မှတ်ချက်ပြုသည်။

ကျောင်းသားများကို အလွန်အကျွံရိုက်နှက်မှု၊ မသင့်တော်သော ဆုံးမမှုနည်းလမ်းများဖြင့် ကျောင်းသားများ အရှက်ရစေမှုကြောင့် ဆရာ၊ ဆရာမ အများစုကိုပြစ်တင်ဝေဖန်မှုများ ရှိနေချိန်တွင် ဆရာမဒေါ်သန်းသန်းဝေ၏ ကျောင်းသားအပေါ် အသက်ပေးကာ ဆရာ့ဝတ် ကျေပွန်သည့် လုပ်ရပ်က ဆရာဂုဏ်သမားဂုဏ်ကို အမြင့်ဆုံးအထိ ဆွဲတင်ခဲ့သည့် ဖြစ်ရပ်လည်းဖြစ်သည်။

‘‘အဲဒီမြင်ကွင်းကို ကျွန်တော့်မျက်စိထဲက ဘယ်တော့မှ မထွက်ဘူး။ ဆရာမကို တွေ့လိုက်ရတာကားဘီးတွေအောက်မှာ’’ဟု ဦးစန်းဝင်းက မျက်ဝန်းအတွင်း မျက်ရည်များဝဲကာ  ပြောပြသည်။

မိမိက ညီမလေးတစ်ဦးလို တွေးမြင်ချစ်ခင်ရသူ ဆရာမ၏အသက်မဲ့နေသည့် ခန္ဓာကိုယ်ကို မိမိလက်ဖြင့် ၁၂ ဘီး ကုန်တင်ကားဘီးများကြားက ဆွဲထုတ်ခဲ့ရသည့်နေ့၊ ထိုနေ့က မိုးတွေ အုံ့မှိုင်းနေခြင်းက ဤအဖြစ်ဆိုးကိုပင် ကြိုသိနေသလိုလိုထင်မိကြောင်း ဦးစန်းဝင်းက ပြောပြသည်။

ဦးစန်းဝင်းသည် မှော်ဘီ-ရန်ကုန်ကားလမ်းမကြီးနံဘေးက ဆပ်သွားတော မူလတန်းလွန် ကျောင်းလေးတွင် အထွေထွေလုပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ပြီးခဲ့သည့် ဇူလိုင်က နှစ်(၃၀)ပြည့်ပြီဖြစ်သည်။ ပညာရေး ၀န်ကြီးဌာနက ဦးစန်းဝင်းကို ဆပ်သွားတောကျောင်း၏ အထွေထွေလုပ်သားအဖြစ်မှ အသက် (၆၀)ပြည့် ပင်စင်ဖြင့် အနားယူခွင့်ပြုခဲ့ပြီဖြစ်သည်။ သက်ပြည့်ပင်စင်ဖြင့် အနားယူခွင့်ပြုလိုက်ပြီဖြစ်သော်လည်း မြို့နယ်ကပေးမည့် ပင်စင်ကြေးငွေလေးကိုစောင့်ရင်း နှစ်(၃၀)ကြာ နေ့ရောညပါ အတူတူရှိနေသည့် ဆပ်သွားတော ကျောင်းလေးကို နှုတ်ဆက်ရန် အားယူနေခဲ့သည်မှာ နှစ်လပင်ပြည့်ပြီး အောက်တိုဘာလထဲ ရောက်လာခဲ့သည်။


မှော်ဘီမြို့ရှိ ဆရာမဒေါ်သန်းသန်းဝေ နေထိုင်ခဲ့ရာအိမ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

ထိုနေ့... ထိုနေ့ကတော့ မြို့နယ်ကပေးသည့် ပင်စင်ကြေးငွေ ၁၃ သိန်းရပြီဖြစ်၍ နေ့ခင်း ငွေထုတ်ပြီး ကျောင်းသို့ ပြန်လာခဲ့သည်။ သူ ဒီကျောင်းလေးကို မခွဲချင်သေး။ သို့သော် ခွဲရပေဦးမည်လေ။ ပင်စင်ကြေးငွေလေးထုတ်လာပြီး မိတ်ဆွေတွေကို တစ်ခုခုဝယ်ကျွေးချင်စိတ်ပေါ်လာမိသည်။ ထို့ကြောင့်ပင် ဆပ်သွား တောကျောင်းလေးနှင့် မျက်နှာချင်းဆိုင် လမ်းက ခေါက်ဆွဲကြော်ဆိုင်သို့ သူထွက်လာခဲ့သည်။ ပထမနှစ်ဝက်စာမေးပွဲတွေ ကျင်းပနေချိန် ကျောင်းကလည်း အရင်လို ကျောင်းချိန်အပြည့် မဟုတ်တော့။ ယခင်ရက်များက ကျောင်းဆင်းချိန်ဆို ကျောင်းသားတွေ တစ်ပြုံကြီး အပြေးအလွှား ကျောင်းဝင်းထဲက ထွက်လာကြတော့ သည်မှော်ဘီ-ရန်ကုန် ကားလမ်းမမှာ ကလေးတွေ ဘေးကင်းစေဖို့ သူလမ်းကူးပေးနေကျဖြစ်သည်။ ထိုနေ့ကတော့ ကျောင်းဝင်းထဲ ကလေးတွေလည်း မရှိတော့၊ စာမေးပွဲဖြေပြီး ပြန်ကုန်ပြီဖြစ်သည်။

သူ အတွေးတစ်ပိုင်းတစ်စ နှင့် ခေါက်ဆွဲကြော်ဆိုင်သွားရန် ကျောင်းဝင်းထဲက ဖြတ်လျှောက်လာစဉ် သူ့ညီမအရင်းလေးလို ရင်းနှီးချစ်ခင်ရသည့် ဆရာမနှင့် ဆုံမိသည်။ လက်ထဲတွင် အိမ်က သမီးနှင့် ခင်ပွန်းအတွက် ကျောင်းရှေ့အခွန်လွတ်ဈေးမှ ၀ယ်ထားပုံရသော ဟင်းစားအချို့ ဆွဲလာသည့် ဆရာမဒေါ်သန်းသန်းဝေကို သူ နှုတ်ဆက်ခဲ့သည်။

‘‘ဒီနေ့ တယ်စောပါလား’’။ ဆရာမက ပုံမှန် ဒီအချိန် ကျောင်းဆင်းတတ်သူမဟုတ်၊ ယခုမှ အချိန်က နေ့လယ် ၃ နာရီ စွန်းရုံလေးဖြစ်၍ သူမေးခဲ့ခြင်းဖြစ်သည်။

ဆရာမ ဒေါ်သန်းသန်းဝေက ဦးစန်းဝင်းကဲ့သို့ပင် ဆပ်သွားတောကျောင်းလေးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ ဦးစန်းဝင်း အသက်(၃၀)တွင် သည်ကျောင်း၌ အထွေထွေလုပ်သားအဖြစ် စတင်အလုပ်လုပ်ခဲ့သည်။ သူအလုပ်ဝင်ပြီး သုံးနှစ်အကြာတွင် အသက် (၃၀) အရွယ် ဆရာမလေး ဒေါ်သန်းသန်းဝေက အလယ်တန်းပြဆရာမအဖြစ် ဆပ်သွားတောကျောင်းသို့ ရောက်ရှိလာသည်။  

ယခုဆိုလျှင် သူပင် အသက် (၆၀)ပြည့် ပင်စင်ရပြီ။ အသက်(၅၇)နှစ်အရွယ် ဆရာမ ဒေါ်သန်းသန်းဝေလည်း အကယ်၍ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင် နောက်သုံးနှစ်အကြာတွင် သူ့လိုပင်စင်ယူကာ သည်ကျောင်းကို ခွဲရတော့မည်။

ဆပ်သွားတောကျောင်းလေး နှင့် အချိန်အကြာကြီး အတူရှိခဲ့သူတွေကို ပြပါဆိုလျှင် သူနှင့် ဆရာမဒေါ်သန်းသန်းဝေကိုသာ ပြရမည် ဖြစ်သည်။ ကျောင်းအပေါ် သံယောဇဉ်ကြီးပုံချင်းကလည်း တူသည်။ ဦးစန်းဝင်းက ကျောင်း နောက်တွင် အိမ်ဆောက်ကာနေသူမို့ နေ့ရောညပါ ကျောင်း၌ရှိနေပြီး ကျောင်းကို စောင့်ရှောက်နေသူဖြစ်သည်။

အောက်တိုဘာ ၂ ရက် ညနေကတော့ ဆရာမဒေါ်သန်းသန်းဝေက နေလည်းသိပ်မကောင်းချင်၊ မနက်ဖြန် ကလေးတွေကို သုပ်ကျွေးမည့် သင်္ဘောသီးသုပ်အတွက် ပြင်ဆင်လို၍ ကျောင်းအုပ်ဆရာမကြီးထံ ၀င်တွေ့နှုတ်ဆက်ကာ စောစောပြန်လာခြင်းဖြစ်သည်။

‘‘မနက်ဖြန် စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ကလေးတွေကို သင်္ဘောသီးသုပ်လုပ်ကျွေးမလို့။ ဒီနေ့ အိမ်စောစောပြန်ပြီး ပြင်ဆင်မလို့လို့ သူပြောသွားတာ’’ဟု ဦးစန်းဝင်းက ထိုညနေ ဆရာမနှင့် ပြောဖြစ်သည့်စကားကို ပြန်ပြောပြသည်။

ဦးစန်းဝင်းနှင့် ဆရာမတို့ စကားတပြောပြောဖြင့် လျှောက်လာရင်း ကျောင်းရှေ့ကားလမ်းဘေးရောက်တော့ အသိဆရာမတစ်ဦးကို စောင့်ဦးမည်ဟုဆိုကာ ဆရာမ ဒေါ်သန်းသန်းဝေက ရပ်ကျန်ခဲ့သည်။ ဦးစန်းဝင်းက ကျောင်းနှင့် မျက်နှာချင်းဆိုင် ဟိုဘက်ကားလမ်းဘက်ခြမ်းက ခေါက်ဆွဲကြော်ဆိုင်ဆီ ကူးလာခဲ့သည်။

ဆပ်သွားတောကျောင်းရှေ့ မှော်ဘီ-ရန်ကုန် ကားလမ်းမက သိပ်မကျယ်ပေ။ သို့သော် ဘတ်စ်ကားများ၊ ဆိုင်ကယ်များနှင့် ကားကြီးများ ဖြတ်သန်းလေ့ရှိသည့်အပြင် ကျောင်းနှင့် ဈေးရှိရာ နေရာ ဖြစ်သဖြင့် လမ်းကူးရခက်သည်။ ဆရာမ ဒေါ်သန်းသန်းဝေက ကျောင်းမှ အိမ်ပြန်လျှင် ဟိုဘက်ကားလမ်းကူးကာ ကားစီးရသူဖြစ်ပြီး ကားလမ်းရှင်းသည်အထိ စောင့်ပြီးမှ လမ်းကူးတတ်သူဖြစ်သည်။ ထိုနေ့ကတော့ သူငယ်ချင်း ဆရာမကိုစောင့်ရင်း လမ်းမကူးသေးဘဲ ရပ်နေသည်။

ဦးစန်းဝင်းက ဟိုဘက်ကားလမ်း ခေါက်ဆွဲကြော်ဆိုင်မှဆရာမကို လှမ်းကြည့်လိုက်သေးသည်။ ၁၅ မိနစ်ခန့်အကြာ ခေါက်ဆွဲကြော်ဝယ်ပြီး ဦးစန်းဝင်းလှည့်အထွက် ဆရာမရှိနေသည့် ကားလမ်းဘက်အခြမ်းတွင် အမှတ် (၄၁) ဘတ်စ်ကားက အရှိန်လျှော့လိုက်သည်။ ထိုကားက ဆရာမကို ကွယ်သွားပြီး သူ မမြင်ရတော့။ သို့သော် ထိုမမြင်ရခြင်းက ခဏဟုသာ သူထင်ခဲ့သည်။ ကားကွယ်သွားပြီး သူ ခြေနှစ်လှမ်း၊ သုံးလှမ်းသာ ဆက်လှမ်းခဲ့ရသေးသည်။ ‘‘ဂျိန်း’’ဆိုသည့်အသံနှင့် လူတွေ အော်သံကို သူ ကြားလိုက်သည်။ ‘‘တိုက်သွားပြီ’’ဟု လူတွေ အော်ကြသည်။ အချိန်က လျှပ်တစ်ပြက်လေးအတွင်း၊ ချက်ချင်း ဆရာမကို သူ စိတ်ပူသွားသည်။

ဟိုဘက်ကားလမ်းကို အပြေးသွားကြည့်တော့ ဆပ်သွားတော ကျောင်းက သူငယ်တန်းကလေးတစ်ဦး ကျောင်းရှေ့လမ်းမတွင် ရပ်ထားသည့်ကားနှင့် ဆောင့်မိပြီးအော်ငိုနေသည်ကို တွေ့ရသည်။ အဖြူ၊ အစိမ်းဝတ် ဆရာမတစ်ဦး ကို သူ့မျက်လုံးထဲမြင်လိုက်သည်။ ထိုစဉ် ဘေးကလူတွေက အော် ပြောကြသည်။ ဆရာမက ကလေးကို တွန်းထုတ်လိုက်တာတဲ့။ သူခုနက မြင်လိုက်သည့် အဖြူ၊အစိမ်းဝတ် ဆရာမကို ထပ်ကြည့်သည်။ ညီမလေးလို ခင်မင်ရသည့် ဆရာမဒေါ်သန်းသန်းဝေ ဟုတ်၊ မဟုတ်။ သူရှာသည်။ နောက်ဆုံးတွင် ၁၂ ဘီးကား၏ ကားဘီးများအောက်၌ ဆရာမကို တွေ့ရသည်။

‘‘ကားဘီးအောက်ကနေ ဆွဲထုတ်ပြီးတော့ ဆရာမက အသက်မရှိတော့ဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ ကျောင်းထဲဝင် သူ့သမီးလေးဆီ ဖုန်းဆက်ခဲ့ရတယ်။ ပွဲချင်းပြီးဆိုတာ ဖုန်းထဲမှာ ပြောမထွက်ခဲ့ဘူး’’ ဟု ဦးစန်းဝင်းကဆိုသည်။

‘‘သမီးမေမေအက်ဆီးဒင့်ဖြစ်လို့ နည်းနည်းခိုက်မိသွားတယ်။ ကျောင်းကိုလိုက်လာပါ’’ ဟုသာ ပြောခဲ့ပြီး သမီးလိုက်လာမှသာ သူ့မိခင်အသက်မရှိတော့ကြောင်း သိရှိခဲ့သည်။

ဆရာမ သမီးသည် အသက် (၂၀)ကျော်ပြီဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်ဖြင့် ကျောင်းပြီးထားသူဖြစ်သည်။

‘‘အချိန်က ၃ နာရီခွဲလောက်ဆိုတော့ ဒီအချိန်က သူ ကျောင်းက ပြန်နေကျအချိန် မဟုတ်တော့ကျောင်းထဲမှာပဲ နည်းနည်းပါးပါး ခိုက်မိတယ်ပေါ့။ အဲဒီလောက်ပဲ ထင်တာ။ ပြီးမှ သူ့သူငယ်ချင်းဆရာမက အိမ်လိုက်လာပြောတယ်။ အိမ်နားက လူတွေပြောတာနဲ့ ကျွန်တော် ဆေးရုံလိုက်သွားမှ အသက်မရှိတော့ဘူးဆိုတာသိတာ’’ဟု ဆရာမဒေါ်သန်းသန်းဝေ၏မောင် ဦးသန်းဆွေက ပြောပြသည်။

ဆပ်သွားတော မူလွန်ကျောင်းလေးကို သံယောဇဉ်ကြီးရှာသူ နှစ်ဦးအနက် သက်ပြည့်ပင်စင်ရလို့ ခွဲချိန်တန်သူပင် မခွဲရသေး။ စာသင်ကောင်းတုန်း၊ ကျောင်းသားတွေကို စောင့်ရှောက်ကောင်းတုန်း ဆရာမက ရုတ်တရက် အရင်ခွဲသွားပြီဖြစ်သည်။ ဆရာမချစ်သော ကျောင်းသားတွေကို သင်္ဘောသီးသုပ်ပင် လုပ်ကျွေးမသွားရရှာသော ဆရာမအတွက် အားလုံးက ၀မ်းနည်းပီတိဖြစ်ရသည့်နေ့ပင်ဖြစ်သည်။ သည်လို ဆရာမတစ်ဦးကို ဆုံးရှုံးခဲ့ရ၍  ၀မ်းနည်းမဆုံးရှိသော်လည်း အသက်ကို ပဓာနမထား၊ အရှိန်နှင့်ပြေးဝင်လာသည့် ကုန်ကားကြီး ရှေ့တည့်တည့်တွင် ရှိနေသည့် သူငယ်တန်းကလေးလေးကို တွန်းထုတ်ကာ ကိုယ်တိုင်တော့ ရှောင်ရှားချိန်ပင်မရခဲ့ဘဲ ကားဘီးတွေအောက် အသက်ပေးခဲ့သည့် ဆရာမ၏လုပ်ရပ်ကို မြင်တွေ့ကြားသိရသူတိုင်း ရင်ထဲထိရှ ပီတိဖြစ်ရသည်သာ။

ဆရာမသည် ကျောင်းအပေါ် အလွန်သံယောဇဉ်ကြီးပြီး အိမ်တွင်နေသည့်အချိန်ထက် ကျောင်း၌နေသည့်အချိန်က ပိုများသည်ဟု မောင်ဖြစ်သူ ဦးသန်းဆွေကဆိုသည်။ နံနက် ၇ နာရီထိုး ကျောင်းအရောက်သွားတတ်ပြီး ဘယ်သူမှ မရောက်ခင် ကျောင်းသန့်ရှင်းရေး လုပ်လေ့ရှိခြင်းကြောင့် ကျောင်းလုံချည်အစိမ်းနှင့် အပေါ်က အရပ်ဝတ်အင်္ကျီမျိုး ၀တ်ဆင်သွားလေ့ရှိသည်။ ကျောင်းတက်ချိန်မှသာ အင်္ကျီအဖြူလဲကာ စာသင်ခန်းထဲဝင်လေ့ရှိသည်။

ညနေ ကျောင်းဆင်းလျှင်လည်း အင်္ကျီအဖြူကိုလဲကာ စာသင်ခန်းသန့်ရှင်းရေးလုပ်ပြီးမှ ပြန်လာလေ့ရှိသည်။ အဖြစ်ဆိုးနှင့် ကြုံတွေ့သည့်အချိန်ကလည်း ကျောင်းလုံချည်အစိမ်းနှင့် အရပ်ဝတ်အင်္ကျီကိုသာ ၀တ်ဆင်ထားသော်လည်း နှစ်(၃၀)ခန့် နေ့တိုင်း အသွားအပြန်လုပ်နေသည့် သည်ပတ်ဝန်းကျင်တွင် ဆရာမကို မသိသူရှား၍ မှော်ဘီမြို့တွင် ထိုဖြစ်ရပ်က ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

ဆရာမ၏ အနစ်နာခံမှုအပေါ် အသိအမှတ်ပြုခြင်းကို ပီတိဖြစ်ရသော်လည်း မျှော်လင့်မထားသော ဖြစ်ရပ်ကြောင့် ဖြေမဆည် နိုင်အောင် ၀မ်းနည်းရသည်ဟု မောင်ဖြစ်သူ ဦးသန်းဆွေက ဆိုသည်။

ဆရာမ ဒေါ်သန်းသန်းဝေ ရုပ်အလောင်းကို အောက်တိုဘာ ၄ ရက်က မှော်ဘီမြို့မသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဆရာမကိုချစ်သော၊ ဆရာမကချစ်သော တပည့် ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များ ဆရာမ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့သည်။

‘‘သူကတော့ အရင်ခွဲသွားတာပေါ့။ သူလိုလူအတွက် ကောင်းတဲ့နေရာမှာပဲ ရောက်နေမယ်ဆိုတာ သေချာပါတယ်’’ဟု ဦးစန်းဝင်းက ယုံကြည်မှုနှင့် ၀မ်းနည်းမှုရော စွက်နေသည့်အသံဖြင့် ဆိုသည်။

မိမိအသက်ကို ပဓာနမထား၊ ကြွေချိန်မတန်သေးသည့် ကျောင်းသားလေးအတွက် ကိုယ်စားကြွေပေးခဲ့သူ အာဇာနည်ဆရာမ၊ အာဂဆရာမသည် ကြွေသွားပေမယ့် အားလုံး၏ ရင်ထဲတွင် အမြဲဝေနေဆဲပင်ရှိနေမည်မှာ မလွဲဧကန်ဖြစ်သည်ဟု ဦးစန်းဝင်းက အတိအကျဆိုသည်။

‘‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ’’ဟူသော ဆရာ့ကျင့် ၀တ်တွင် ‘‘ဘေးရန်ဆီးကာ’’ဟူသည့် ကျင့်ဝတ်ကို ဆရာမ ဒေါ်သန်းသန်းဝေက အသက်ဖြင့် ရင်းပြီး ကျေပွန်ခဲ့ပါသည်။     ။



No comments:

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts