အနာပဆုပ် ၊အနာစိမ်းဆိုတာ
(https://content.ondoctor.com.mm/healthy-living/3895/)
ဇီဝက ဆေးခန်းမှာ အပြများတဲ့ လူနာတွေထဲမှာ အနာပဆုပ် ပေါက်တဲ့
လူနာတွေလည်း ပါပါတယ် ။မေးကြည့်ရင် “ဆရာရယ် ၊ဟိုမန်းဆေး အုံလိုက် ပေါက် နိုးနိုး ၊ဒီဆေးရွက်လေး ကောင်းတယ်ဆိုပြီး အုံလိုက် ပျောက်နိုးနိုးနဲ့။” ဆိုပြီး အနာပဆုပ်ကနေ အနာဟောင်းလောင်းဖြစ်ပြီး အခြေအနေ ဆိုးမှ ရောက်လာကြတဲ့သူတွေလည်း ဒုနဲ့ ဒေး ။ဒီလို မဖြစ်ရအောင် ၊စာဖတ်သူတွေလည်း ဗဟုသုတရအောင်ဒီဆောင်းပါးလေးမှာ အနာပဆုပ် ခေါ် အနာစိမ်းရောဂါ အကြောင်းလေး ပြောပြပါ့မယ် ။
အနာပဆုပ် ၊အနာစိမ်းဆိုတာ ဘာပါလဲ ။
အရေပြားမှာ နီရဲနေသော အဖုကလေး ထွက်လာမယ် ။ပြည်အောင်း
လာရင် မန်းလိုက်ပြီး ရောင်ရမ်းလာမယ် ။နာလာမယ် ။ကိုင်ကြည့်ရင် ပူနွေးနွေးနဲ့ နာမယ် ။တချို့ကျတော့လည်း ပြည်မတည်ဘဲ နီရဲရောင်ရမ်းနာ အဆင့်ကနေ ပြန်သက်သာသွားတတ်တယ် ။ထိုအနာစိမ်းကလေးများစုကာ အနာပေါက်ဝအများကြီးနဲ့အနာကြီး တစ်ခု တစ်ခါတစ်လေ ဖြစ်တတ်တယ် ။ထိုအနာကြီးကို အနာပဆုပ်ရယ်လို့ အရပ်ထဲ ခေါ်ကြတယ် ။
အနာပဆုပ် ၊အနာစိမ်း ဘာကြောင့်ဖြစ်တာလဲ ။
အထူးသဖြင့် အမွေးအမျှင်ရှိတဲ့ နေရာတွေ ဆံပင်ရင်း ၊ခြေသလုံးမွေးအရင်းရှိ အဆီအိတ်တွေ ၊အဆီဂလင်းတွေမှာ ပိုးဝင်ရောက်ရာကနေ ပြည်တည်နာဖြစ်တာပါ ။အထူးသဖြင့် မျက်နှာဆံစပ် နဲ့ လည်ပင်း ၊ချိုင်းကြား ၊ပေါင် ၊တင်ပါး ၊ခြေသလုံးတွေမှာ ပေါက်တတ်တယ် ။တစ်ကိုယ်ရေ မသန့် ရှင်းသူတွေ ၊ဆီးချိုသွေးချိုရောဂါသည်တွေမှာ အဖြစ်များတယ် ။
မိမိရဲ့ မိသားစုဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ ။
အနာပဆုပ်လို့ ထင်ရင် ၊ဆီးချို သွေးချို ရောဂါ ရှိရင် ၊မိမိဘာသာ အနာ
ကို သန့်ရှင်းရေး လုပ်သော်လည်း တစ်ပတ်ကြာတဲ့အထိ မသက်သာရင် ၊အနာစိမ်းပိုးပေါက်ရင် ၊ဖျားပြီး ကိုယ်လက်မအီမသာဖြစ်လာရင် ၊မကြာခဏ အနာစိမ်းပေါက်တတ်ရင် မိမိရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ ။
-အနာကို နေ့စဉ် ရေ ၊ဆပ်ပြာတို့ဖြင့် ဆေးကြောပါ ။ပြီးလျှင် ခြောက်အောင်ထားပါ။
-အနာ စူလာစေရန် နေ့စဉ် ရေနွေးဖတ် ကပ်ပါ ။
-အနာကို မဆွရ ။မကလိရ ။မညှစ်ရ ။ဆေးပူတွေ ၊အရွက်တွေ မအုံရ ။အပ်ဖြင့်
မဖောက်ရ ။သူ့ဘာသူ ပေါက်ထွက်ပါစေ ။ချပ်သွားပါစေ ။
အနာကို ကလိရင် ပိုးပိုဝင်က ပိုဆိုးတတ်ပါတယ် ။
-အနာမကူးစေရန် မျက်နှာသုတ်ပဝါ ၊တဘက် သီးသန့်ထားပါ ။
-အနာကို မကိုင်ခင် ၊ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ ။
-အိပ်ရာခင်း ၊ခေါင်းအုံးစွပ်တို့တွင် သားငန်ရည် စွန်းထင်းက ရေနွေးဖြင့် သေချာ
ပြုတ်လျှော်ပါ ။
-အနာ မပျောက်မချင်း ဖြစ်တဲ့ လက် ၊ခြေသလုံးစတာတွေကို အနားပေးပါ ။လှုပ်ရှားမှုများများ မလုပ်ပါနဲ့ ။
-အနာပေါက်သွားပါက ပတ်တီးအစဖြင့် အုပ်ထားပါ ။အနာကို နေ့စဉ် ရေနွေးဖြင့်ဆေးပါ ။Betadine ကဲ့သို့သော ဆေးအရည်လေး ထည့်ပေးနိုင်တယ်။ အနာကျက်သည်အထိ ထိုနည်း အတိုင်းလုပ်ပါ ။
Author; ခေတ်သစ် ဇီဝက
News source from: https://content.ondoctor.com.mm/healthy-living/3895/
No comments:
Post a Comment