ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ
News from: https://www.bbc.com/burmese/51828107
ကိုရိုနာဗိုင်းရပ်စ်ဟာ စဖြစ်ချိန်ကစလို့ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၀ ကျော်မှာ ပျံ့နှံ့ဖြစ်ပွားခဲ့ပါပြီ။
ဘယ်လောက်မြန်မြန် ပျံ့နှံ့ကူးစက်နေသလဲ
ကမ္ဘာတလွှားမှာ နေ့စဉ် အသစ်ကူးစက်ခံရသူအရေအတွက်ဟာ ထောင်သောင်းချီ အထိရှိနေပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းတွေထဲမှာ ကျန်းမာရေးဌာနတွေက မသိရှိလိုက်တဲ့ လူနာတွေ အများအပြားရှိနေလိမ့်ဦးမယ်လို့ ယူဆထားကြပါတယ်။
တရုတ်ပြည်မှာ စတင်ဖြစ်ပွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်၊ စပိန်၊ ယူကေ၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန် အစရှိတဲ့နိုင်ငံတွေနဲ့ နိုင်ငံပေါင်း နှစ်ရာနီးပါးမှာ လျှင်လျှင်မြန်မြန် ကူးစက်ပျံ့နှံ့နေပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဘယ်လိုကာကွယ်မလဲ။
အကောင်းဆုံးနည်းကတော့ လက်ကိုမကြာခဏ နှံ့နှံ့စပ်စပ်သေသေချာချာဆေးဖို့ပါပဲ။ ဆပ်ပြာနဲ့ ရေနဲ့ဆေးတာ အကောင်းဆုံးပါ။
ဒီဗိုင်းရပ်စ်ဟာ ပိုးရှိသူကချောင်းဆိုးတဲ့အခါ ဗိုင်းရပ်စ်ပါတဲ့ အရည်အစက်သေးသေးလေးတွေ လေထဲမှာပျံ့ပြီး ကူးပါတယ်။ အဲဒီအရည်အစက်ကလေးတွေဟာ အသက်ရှူသွင်းတဲ့အထဲမှာပါနိုင်လောက်အောင် သေးငယ်ပါတယ်။ အဲဒီအရည်အစက်လေးတွေတင်နေတဲ့နေရာကို လက်နဲ့ထိမိပြီး အဲဒီလက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ကိုင်မိရင် ကူးနိုင်ပါတယ်။
ဒါ့ကြောင့် ချောင်းဆိုး၊ နှာခေျရင် တစ်ရှူးသုံးပါ။ မျက်နှာကို လက်မဆေးရသေးဘဲနဲ့ မကိုင်ပါနဲ့။ ရောဂါရှိသူနဲ့နီးနီးစပ်စပ် မနေဖို့ဟာ ရောဂါပြန့်ပွားမှုကို တားဆီးရေးမှာ အရေးပါတဲ့အချက်ပါပဲ။ တချို့ကျွမ်းကျင်သူ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရဆိုရင် မျက်နှာဖုံးတပ်ဆင်တာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအတွက် မထိရောက်လှပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ နှာခေါင်းစည်းတပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပိုပြီး ကျယ်ပြန့်လာပါတယ်။
- ရောဂါလက္ခဏာတွေက ဘာတွေလဲ
ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုပ်ကိုထိတဲ့ဗိုင်းရပ်စ်ပါ။ ရောဂါလက္ခဏာဟာ အဖျားနဲ့စတင်လေ့ရှိပြီး နောက်တော့ချောင်းခြောက်ဆိုးပါတယ်။ အဲဒီနောက် အသက်ရှူကျပ်တဲ့ ပြဿနာလိုက်ပါလာပါတယ်။
ရောဂါလက္ခဏာတွေဟာ ပျမ်းမျှအားဖြင့် ကူးစက်ပြီး ၅ ရက်အကြာမှာ စတင်လေ့ရှိတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ရောဂါလက္ခဏာပြနေသူတွေဆီကနေ အများဆုံးကူးစက်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ သူတို့ကိုယ်တိုင် မဖျားနာသေးခင်မှာကို တခြားလူတွေဆီ ကူးစက်ပျံ့နှံ့နိုင်တယ်လို့ဆိုပါတယ်။
ကနဦးရောဂါလက္ခဏာတွေဟာလည်း ဆောင်းရာသီအအေးမိတာတို့ တုပ်ကွေးတို့နဲ့ ဆင်တူပြီး အဲဒီ ရောဂါတွေအဖြစ် ရောထွေးလွဲမှားလေ့ ရှိပါတယ်။
ဘယ်လောက်အသေအပျောက်များသလဲ
ရောဂါဖြစ်ပွားပြီး သေဆုံးသူအရေအတွက်ဟာ ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း အောက်အထိ နည်းပါးလှတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းဟာ သိပ်စိတ်မချရပါဘူး။
လူထောင်နဲ့ချီပြီး ကုသမှုခံယူနေကြပေမယ့် လူအများအပြားလည်း ဆက်လက်သေဆုံးနေဆဲပါ။ ဒါ့ကြောင့် သေနှုန်းဟာ မြင့်ကောင်းမြင့်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ရောဂါပျော့တဲ့သူတွေဟာ စာရင်းထဲမှာကို ရောက်မလာတာတွေကလည်း အများကြီးရှိနေတော့ သေဆုံးသူရာခိုင်နှုန်းဟာ အဲဒီလူတွေပါ ထည့်တွက်လိုက်ရင် ရာခိုင်နှုန်းနည်းတာဖြစ်ချင်ဖြစ်နိုင်ပါတယ်။
ကူးစက်ခံရသူ လူပေါင်း ၅၆၀၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO စစ်တမ်းကောက်ယူရာမှာ ဒီလိုတွေ့ရပါတယ်။
- ၆ ရာနှုန်းက ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ အဆုတ်ပျက်စီးတယ်။ ထိတ်လန့်တကြား ရှော့ခ်ဖြစ်တယ်။ ကိုယ်တွင်းအင်္ဂါပျက်စီးပြီး အသက်အန္တရာယ်ကြီးကြီးမားမား ကျရောက်တယ်။
- ၁၄ ရာနှုန်းက ဆိုးဝါးတဲ့ ရောဂါလက္ခဏာတွေပြပါတယ်။ အသက်ရှုကျပ်တာ၊ မောပန်းတာမျိုးပါ။
- ၈၀ ရာနှုန်းကတော့ အပျော့စားလက္ခဏာတွေပဲပြပါတယ်။ အဖျား၊ ချောင်းဆိုး၊ နမိုးနီးယားစသဖြင့်ပါ။
အသက်ကြီးသူတွေ နာမကျန်းသူတွေမှာ ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိပါတယ်။ နာမကျန်းသူတွေဆိုတာက ပန်းနာရင်ကျပ်ရှိသူ၊ ဆီးချိုရှိသူ၊ နှလုံးရောဂါရှိသူတွေမျိုးကို ဆိုလိုပါတယ်။
ကုသပုံက လူနာအပေါ်မှာမူတည်ပါတယ်။ အသက်ရှုကျပ်ရင် အောက်ဆီဂျင်ပေးတာမျိုး လိုအပ်တဲ့နေရာကို ထောက်ပံ့ပေးပြီး သူတို့မှာ ကိုယ်ခံအားပေါ်လာပြီး ရောဂါပျောက်ကင်းချိန်အထိ အသက်ရှင်နေအောင် ထိန်းထားပေးရတဲ့ ကုသနည်းဖြစ်ပါတယ်။ ကာကွယ်ဆေးက စမ်းသပ်ဆဲကာလဖြစ်ပါတယ်။
ရောဂါဖြစ်ပွားလာပြီလို့ ထင်ရင် ဘာလုပ်သင့်သလဲ
နိုင်ငံအလိုက်ဆောင်ရွက်ချက်တွေကွာခြားတတ်ပါတယ်။ မိမိနေထိုင်ရာ တိုင်းပြည်ရဲ့ အရေးပေါ်ကျန်းမာရေးဌာနတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလိုက်နာသင့်ပါတယ်။
News Source from: ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ - BBC News မြန်မာ
No comments:
Post a Comment