အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်
အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်မရရှိစေဖို့အတွက် သန္ဓေတားနည်းအမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊IUD၊သန္ဓေတားဆေးတွေ၊ ရက်တွက်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး သန္ဓေတားလို့ရပါတယ်။
ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်းများစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။
အမျိုးသမီးတိုင်းဟာနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်းမတူညီကြတာကြောင့် တစ်ဦးနဲ့တစ်ဦး သင့်တော်တဲ့သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာကို ဒီထက်ပိုပြီးသိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။
ကွန်ဒုံး
Latex ဒါမှမဟုတ် ပလပ်စတစ်နဲ့လုပ်ထားတဲ့ အလွှာလေးဖြစ်ပြီးတော့ လိင်တံတစ်လျှောက်မှာ ဆန့်ထုတ်ပြီး သုံးစွဲရတာဖြစ်ပါတယ်။ အမျိုးသမီး ကွန်ဒုံးကိုတော့ သုတ်ပိုးနဲ့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ အမျိုးသားသုံး ကွန်ဒုံးဟာ ၈၂ရာခိုင်နှုန်း ထိရောက်မှု ရှိပြီးတော့ အမျိုးသမီးသုံး ကွန်ဒုံးကတော့ ၇၆ရာခိုင်နှုန်း ထိရောက်မှု ရှိပါတယ်။ Lydia ကနေထုတ်တဲ့ Kiss Dute လိုမျိုး စုံတွဲကွန်ဒုံးကိုအသုံးပြုပြီး မလိုလားအပ်ဘဲနဲ့ ကိုယ်ဝန်မရအောင်ကာကွယ်နိုင်ပါတယ်။ ဒီကွန်ဒုံးထဲမှာ ရေကိုအခြေခံပြီးထုတ်ထားတဲ့ ချောဆီပါ ထည့်သွင်းပေးတာကြောင့် လုံခြုံမှုရှိစေတဲ့အပြင် သာယာမှုကိုပါခံစားရစေမှာဖြစ်ပါတယ်။ ကွန်ဒုံးက အသုံးပြုရအလွယ်ကူဆုံးသော သန္ဓေတားနည်းတစ်မျိုးပါ။
ကွန်ဒုံးက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါများ (STD) ကိုကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးသောနည်းလမ်းလည်းဖြစ်ပါတယ်။ ကွန်ဒုံးက STD ကိုကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးသောနည်းလမ်းဆိုပေမယ့် အပြည့်အဝကာကွယ်မပေးနိုင်ဘူးဆိုတာတော့သတိရပါ။ ကွန်ဒုံးက အသုံးပြုတာမမှန်ဘူးဆို ပေါက်ထွက်တာတွေဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေလည်းဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးစွဲတဲ့ခါမှာလည်း မိမိနှင့်သင့်တော်အဆင်ပြေမှုရှိစေမယ့် ကွန်ဒုံးမျိုးကိုရွေးချယ်မိစေဖို့က အင်မတန်မှ အရေးပါလှပါတယ်။ ဈေးကွက်ထဲမှာ ကွန်ဒုံးတွေကို အရောင်အမျိုးမျိုး၊ အနံ့အစုံစုံနဲ့ရှိနေပြီး အလွယ်တကူဝယ်ယူရရှိနိုင်နေပြီဖြစ်တယ်ဆိုပေမယ့် ကိုယ်စိတ်တိုင်းကျဖြစ်တာကိုဝယ်ယူမိဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ Lydia ကထုတ်တဲ့ Air ကပုံမှန်ကွန်ဒုံးတွေထက် ၂၀ ရာခိုင်နှုန်းပိုပါးတဲ့အတွက် လိင်ဆက်ဆံဖော်နဲ့ ပိုမိုနီးကပ်သလိုခံစားရပါတယ်။ နူးညံတဲ့အထိအတွေ့နှင့်အတူ ခံစားချက်ကိုမြင့်တက်စေပြီး ကာကွယ်မှုအပြည့်အဝပေးနိုင်ပါတယ်။ ကွန်ဒုံးအသုံးပြုတာက မလိုအပ်ဘဲ ကိုယ်ဝန်ရရှိတာမျိုးမဖြစ်အောင် အကာအကွယ်ပေးနိုင်သလို လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသေးတယ်။
သန္ဓေတားဆေး
ပေါင်းစပ်ကိုယ်ဝန်တားဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဆေးပြား အသေးကတော့ progestin ပဲ ပါဝင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ သားဥကြွေခြင်းကို တားမြစ်ပြီးတော့ သားအိမ်ခေါင်းက အကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးကို မျိုးဥဆီ မရောက်ရှိအောင် တားမြစ်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ ကိုယ်ဝန်ရရှိမှုကနေ ၉၁ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။
သန္ဓေတားဆေးတွေကို ဆေးဆိုင်တော်တော်များများမှာ အလွယ်တကူဝယ်ယူလို့ရရှိနိုင်သလို သန္ဓေတားဆေးတွေကလည်းအမျိုးအစားအမျိုးမျိုးရှိနေပါတယ်။ သန္ဓေတားဆေးသောက်ဆေးတွေရဲ့ အားသာချက်ကတော့ ဆေးမှန်မှန်သောက်နေသမျှကာလပတ်လုံး ကိုယ်ဝန်မရအောင်တားဆီးပေးနိုင်တာပါပဲ။ ဆေးကိုမသောက်ပဲရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်ဝန်ရရှိစေပါတယ်။ အချိန်အကြာကြီးစောင့်နေရတာမျိုးလည်းမရှိပါဘူး။
တကယ်လို့ သင့်အနေနဲ့ အသုံးပြုရလွယ်ကူတဲ့ သန္ဓေတားဆေးကိုရှာဖွေနေတယ်ဆိုရင်တော့ Lydia Rosa ကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဒီဆေး ၂၈ လုံးမှာ Norgestrel ၀.၃ mg နှင့် Ethinyl Estradiol ၀.၀၃ mg ပါဝင်သော အဖြုရောင်ဆေးပြား ၂၁ပြား၊ Ferrous Fumarate ၇၅ mg ပါဝင်သော အညိုရောင်ဆေးပြား ၇ပြားတို့ပါဝင်တဲ့ဆေးကို တစ်နေ့တစ်လုံးမပျက်မကွက်သောက်ပေးဖို့တော့လိုအပ်မှာဖြစ်ပါတယ်။သန္ဓေတားဆေးသောက်သုံးမှုက ရာသီသွေးဆင်းတာကို များစေနိုင်သလို ရင်သားတင်းပြီးနာကျင်တာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒီသန္ဓေတားဆေးက ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲတာကိုသက်သာစေနိုင်စွမ်းရှိပါတယ်။
သန္ဓေတားဆေးမှာ နောက်တစ်မျိုးရှိသေးတာက ဆေးလုံး ၂၁ လုံးပါတဲ့ သန္ဓေတားသောက်ဆေးပဲဖြစ်ပါတယ်။ ဒီဆေးက နေ့စဉ်သောက်ပေးရတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပြီး ဝက်ခြံထွက်ခြင်းနှင့် အမွှေးအမျှင်ပေါက်ခြင်းတို့အတွက်လည်း သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် ရာသီစက်ဝန်းပုံမှန် ဖြစ်စေဖို့နဲ့ ရာသီမလာခင်ဖြစ်ပေါ်တတ်သော စိတ်ဖိစီးမှုများ၊ ကိုက်ခဲမှုများသက်သာစေရန်နှင့် ရာသီလာချိန်သွေးဆင်းများခြင်းတို့အတွက်လည်း သောက်သုံးပေးလို့ရပါတယ်။
ထိုးဆေး (Depo-Provera)
သန္ဓေတားထိုးဆေးကို ၃ လတစ်ကြိမ် ဆရာဝန်ဆီမှာသွားထိုးရမှာဖြစ်ပါတယ်။ မီးယပ်သားဖွားဆရာဝန်က Progestin ဟော်မုန်းပါဝင်သောထိုးဆေးကို လက်မောင်း ဒါမှမဟုတ် တင်ပါးမှာထိုးပေးမှာဖြစ်ပါတယ်။ ဒီဆေးဟာ သားဥကြွေခြင်းကို တားမြစ်ပြီး သားအိမ်ခေါင်းအကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးလှုပ်ရှားမှုကိုတားမြစ်ပါတယ်။ ဆေးကိုရက်အတိအကျနဲ့ အချိန်မှန်မှန်ထိုးပေးမယ်ဆိုရင် သန္ဓေတား ထိုးဆေးကလည်း မမျှော်လင့်ဘဲကိုယ်ဝန်ရသွားတာမျိုးကို ၉၉ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။
ဆေးနေ့တိုင်းသောက်ဖို့အတွက် အာရုံမိစုက်နိုင်လောက်ောင် အလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် ဒီထိုးဆေးက တော်တော်လေးအဆင်ပြေပါတယ်။ သန္ဓေတားထိုးဆေးတွေကို ဆေးရုံတွေနဲ့ ဆေးခန်းအများစုမှာ လွယ်လင့်တကူထိုးလို့လည်းရနေပါပြီ။
ဒီထိုးဆေးက ရာသီသွေးစက်ဝန်းအပေါ်သက်ရောက်နိုင်ပါတယ်။ ရာသီသွေးလုံးဝမဆင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ရာသီသွေးဆင်းများတဲ့ အမျိုးသမီးတွေအတွက်တော့တော်တော်လေးအဆင်ပြေစေမယ့် နည်းတစ်မျိုးပါ။ ဒါပေမယ့် ထိုးဆေးက အချို့မှာ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ဓာတ်ကျတာမျိးတွေခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ပိုမိုပြင်းထန်လေ့ရှိ ပါတယ်။ ဆေးမထိုးဘဲ တစ်နှစ်လောက်ကြာတဲ့အထိ ကလေးမရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ သန္ဓေတားထိုးဆေးက အရိုးသိပ်သည်းဆကို လျော့နည်းသွားစေပြီး အရိုးပွရောဂါကိုဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရလည်းသိရပါတယ်။ ဒီနည်းလမ်းက ဆေးထိုးရပ်ပြီးအချိန်အတိုင်းအတာတစ်ခုထိ ကလေးမရနိုင်တာကြောင့် သန္ဓေတားနည်းရပ်ပြီး ချက်ခြင်းကိုယ်ဝန်ရချင်သူတွေအတွက် သင့်တော်မှုမရှိပါဘူး။
Lydia ကထုတ်တဲ့ Andalan သန္ဓေတားဆေးကို ၃ လတစ်ကြိမ်ထိုးပေးတာက ထိရောက်တဲ့သန္ဓေတားမှုကိုရရှိစေမှာဖြစ်ပါတယ်။ ၃ လပြည့်တိုင်းဆရာဝန်ဆီမှာသွားရောက်ထိုးနှံဖို့တော့လိုအပ်ပါတယ်။ နာကျင်မငနည်းစေတဲ့ ဒီထိုးဆေးကို ဆေးခန်းအများစုမှာ လွယ်လင့်တကူ သွားရောက်ထိုးနှံလိုပရနေပြီလည်းဖြစ်ပါတယ်။ ဒီသန္ဓေတားဆေးကို IUD အစားလည်းအသုံးပြုပေးလို့ရပါတယ်။ IUD အသုံးပြုရတာကို မနှစ်သက်တဲ့သူတွေအနေနဲ့ သန္ဓေတားထိုးဆေးထိုးပေးလို့ရပါတယ်။
သားအိမ်တွင်းထည့် ပစ္စည်း
သားအိမ်တွင်းထည့်ပစ္စည်း IUD ဆိုတာက သေးငယ်တဲ့ ပလပ်စတစ်ပစ္စည်းလေးတစ်ခုဖြစ်ပြီး ကြေးနီနဲ့အုပ်ထားပါတယ်။ သားအိမ်တွင်းထည့် ပစ္စည်းမှာ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းသုံးမျိုးကတော့ Mirena၊ Skyler နဲ့ Litetta တို့ဖြစ်ပါတယ်။ သူတို့အကုန်လုံးဟာ levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားမြစ်ပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်းရဲ့ ထိရောက်မှုက ၉၉ရာခိုင်နှုန်းကျော်ရှိတာကြောင့် ကိုယ်ဝန်မလိုချင်သေးတဲ့သူတွေအတွက် အလွန်စိတ်ချရပြီး သားဖွားမီးယပ်ဆရာဝန်တွေ အကြိုက်တွေ့တဲ့ ကိုယ်ဝန်တားနည်း တစ်ခုဖြစ်ပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်းထည့်တဲ့ အခါ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့သွားရောက်ပြသပြီးထည့်ရမှာပါ။ သားအိမ်တွင်းထည့်ပစ္စည်းကို ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိထည့်ထားလို့ရပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်းထည့်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။
ရာသီလာစဉ်မှာ သားအိမ်ကြွက်သားတွေပုံမှန်ထက်နာကျင်တာမျိုးတွေခံစားရနိုင်ရသလို ရာသီမလာစဉ်ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကို ပုံမှန်ထက်ပိုမိုခံစားရတာမျိုးတွေရှိနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေဟာ အလွယ်တကူဖြေရှင်းလို့ရပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်းအသုံးပြုတဲ့နေရာမှာ သားအိမ်တွင်းထည့်ပစ္စည်းတွေက တစ်ခုနဲ့တစ်ခု အစွမ်းအာနိသင်ခြင်းမတူကြပါဘူး။ Copper Y 380 IUDs ကဆိုရင် ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်မှုကို ပေးစွမ်းနိုင်ပြီး မြန်မာနိုင်ငံမှာပထမဆုံးရနိုင်သောအမျိုးအစားဖြစ်တဲ့အပြင် (၅)နှစ်ထိခံနိုင်ပါတယ်။ ဒီ Copper Y IUD ကိုနာကျင်မှုနည်းနိုင်သမျှနည်းစေဖို့ထုတ်လုပ်ထားတာဖြစ်ပြီး နို့ထွက်မှုအပေါ်မှာလည်းထိခိုက်မှုမရှိစေတာကြောင့် နို့တိုက်မိခင်တွေအတွက်လည်း သင့်တော်ပါတယ်။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းတွေရဲ့ အလွန်ကောင်းမွန်တဲ့အချက်ကတော့ ပစ္စည်းကိုထုတ်လိုက်တာနဲ့ ကိုယ်ဝန်ရရှိစေနိုင်တာပါပဲ။ ဒီအတွက် ကလေးပြန်ယူမယ်ဆိုရင် အကြာကြီးစောင့်ဆိုင်းရတာမျိုးတွေမရှိတော့ပါဘူး။ မြန်မာအမျိုးသမီးတွေက သားအိမ်ထဲပစ္စည်းထည့်တဲ့နည်းနဲ့ ကိုယ်ဝန်တားဖို့ကို ကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသားကိုထိခိုက်မှာ၊ သားအိမ်ကိုထိခိုက်မှာတွေကို စိုးရိမ်ကြတာနဲ့ နောက်ကလေးယူတဲ့အခါ အခက်အခဲဖြစ်မှာတွေကိုစိုးရိမ်ကြတာပါ။ အမှန်မှာတော့ သားအိမ်ထဲထည့်တဲ့ပစ္စည်းက နာကျင်မှု၊ ကသိကအောက်မှုတွေမဖြစ်နိုင်တဲ့အပြင် အခြားသန္ဓေတားဆေးတွေနဲ့မတူ ထုတ်ပြီးတာနဲ့ချက်ခြင်း ကိုယ်ဝန်ရရှိနိုင်ပါတယ်။
ပိန်သွယ်တဲ့ အမျိုးသမီးများနှင့် ကလေးမမွေးဖူးသေးသော အမျိုးသမီးများအနေနဲ့ကတော့ Sleek IUD လိုမျိုး သားအိမ်တွင်းထည့်ပစ္စည်းကို အသုံးပြုပေးလို့ရပါတယ်။ ကလေးမွေးဖွားဖူးတဲ့ မိခင်တွေအနေနဲ့ကတော့ Copper T IUD လိုမျိုး သားအိမ်တွင်းထည့်ပစ္စည်းကို အသုံးပြုပေးလို့ရပါတယ်။ သားအိမ်ထဲထည့်တဲ့ပစ္စည်းတွေဟာ ကလေးမွေးမွေးပြီးချင်းမှာအသုံးပြုလို့ရတဲ့အတွက်ကြောင့် ကြားထဲမှာ ကလေးရသွားမှာကို စိုးရိမ်စရာမလိုပါဘူး။ ဆရာဝန်တွေဆီမှာ Lydia ကနေထုတ်ထားတဲ့ IUD တွေအကြောင်းမေးမြန်းလို့လည်းရပါတယ်။
လက်မောင်းထဲထည့်ပစ္စည်း
သားဖွားမီးယပ်ဆရာဝန်က လက်မောင်းနေရာကို ထုံဆေးပေးပြီး မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းကို လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးပါတယ်။ လက်မောင်းထဲ ထည့်သွင်းသော ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်အထိ အသုံးပြုနိုင်ပါတယ်။
ထိရောက်တဲ့ သန္ဓေတားနည်းတွေထဲက တစ်ခုပါ။ ဒါပေမယ့် စရိတ်စကများပြီး ဆေးခန်းတိုင်းမှာ လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့်တစ်ခါထည့်ထားပြီးရင်တော့ ပြန်မထုတ်ခင်အချိန်အထိ အာနိသင်ရှိနေပြီး ကိုယ်ဝန်မရရှိအောင် တားဆီးပေးပါတယ်။
ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အသေးစားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝက်ခြံထွက်တာ၊ရင်သားနာကျင်တာ နဲ့ ကိုယ်အလေးချိန်တက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။
လက်မောင်းထဲထည့်တဲ့ပစ္စည်းက ကလေးနို့တိုက်နေစဉ်ကာလအတွင်းမှာလည်း အသုံးပြုနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေ၊ဆီးချိုဝေဒနာရှင်တွေပါစိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ဖယ်ထုတ်လိုက်ပြီးတာနဲ့ ကိုယ်ဝန်ဆောင်နိုင်စေမယ့်အပြင် ဓမ္မတာလာခြင်းအပေါ်မှာပါထိခိုက်မှုမရှိစေပါဘူး။
အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေထဲကက ဘယ်နည်းလမ်းကသင့်တော်မလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပြီးဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြစ်ဖြစ် အသင့်တော်ဆုံးဖြစ်မယ့်နည်းလမ်းကို ရွေးချယ်နိုင်စေဖို့ရည်ရွယ်ပါတယ်။
ရင်းမြစ်များ
https://www.healthline.com/health/birth-control/methods#prescription2
https://www.webmd.com/sex/birth-control/birth-control-options#3
http://www.webmd.com/sex/birth-control/diaphragm-birth- control?
https://www.plannedparenthood.org/learn/birth-control/diaphragm
https://www.self.com/story/which-birth-control-option-is-right-for-you
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
www.hellosayarwon.com

No comments:
Post a Comment