မြင့်မားသော တောင်ကြီးပေါ်၌
အရုဏ်ကျင်း၍
မလင်းသေးမီ အချိန် ၊
တဖျပ်ဖျပ်တောက်ပနေသော
ကြယ်ကလေးများ ၊
ကောင်းကင်ပြင်၏
ဝေဟင်တဖက်ကမ်းဆီ၌ ၊
လမင်းသည်
မိမိ၏ ရှုမငြီးဘွယ် ပြောင်းအိ တင့်တယ်သော လင်းရောင်ခြည်ဖြင့် ၊
စိမ်းလဲ့သော
တောင်ကုန်းငယ်၏ နောက်ကျောဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ
ဆုတ်ခွာရွေ့လျားနေ၏
။
စူးရှရှည်လျားသော
အသံဖြင့် အော်မြည်တတ်သော ပုရစ်ကောင်ကလေးများ ၊
ပိုးမွှားသတ္တဝါများ၊
ဖားကောင်ကြီးငယ် အသွယ်တို့ကား မိမိတို့၏ ဘာသာဘာဝ တေးဂီတဖြင့် ၊
တသွင်သွင်စီးနေသော
စမ်းချောင်းများ၊ တဖြာဖြာကျဆင်းနေသော ရေတံခွန်များ၏ အသံတို့နှင့်
လိုက်ဖက်ညီစွာ
ကျောက်ဆောင်ကျောက်သားများမှ တရှိန်တည်း ထိုးထွက်ခါ၊
သစ်ပင်တောအုပ်များကို
ရိုက်ခတ်စွာ ထွက်ပေါ်နေသော အသံသည်
အဆက်မပြတ်မြည်ဟည်းလျက်၊
အကာမရှိသော
အမိုးတစ်ခု၏ အောက်ဝယ်
အစွန်းထွက်နေသော
ကျောက်တောင်စွန်းတစ်ခုအနီး
သဘာဝ၏
ချိုတေးသံကို နားဆင်လျက် စောင့်မျှော်လျက် ထိုင်နေမိပါသည်။
“စိတ္တ” ဆိုတဲ့ နာမ်ခန္ဓာကို ရှုမှတ်လျက် “အတ္တ” ဆိုတဲ့ ရုပ်ခန္ဓာကို ဝိပဿနာတင်လျက်
ဤသို့
တိတ်ဆိတ်ငြိမ်သက်နေသော ပစ္စုပ္ပန်အခိုက်တွင်
အရာအားလုံးသည်
ငြိမ်သက်၊ တိတ်ဆိတ်၊ စိုစွတ် အေးမြလျက်၊
ကျွန်ုပ်၏
အတွင်းသဏ္ဍာန်ဝယ် တခုတည်းသော တရားသဘောကို ဆင်ခြင်ပွားများလျက်၊
ထိုးထွင်းသိမြင်အပ်သော၊
ဆန့်ကျင်မှု ကင်းဆိတ်သော
ဓမ္မသဘာဝကို
ကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။
အသက်ဟုဆိုအပ်သော
အရာကို လည်းကောင်း၊ အသက်ဝိညာဉ် မဟုတ်သော
အရာကို
လည်းကောင်း ကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။
ဖြစ်ပေါ်လာသမျှအရာအားလုံးသည်
သဘာဝတရား၏ အစိတ်အပိုင်းများ ဖြစ်သည်။
၎င်းတို့သည်
အစဉ်မပြတ် စီးဆင်းသွားနေသော ရေစီးကြောင်းသဖွယ် အင်အားကြီးမားသော
သဘာဝ၏
သွေးကြောများ ဖြစ်သည်။
သဘာဝတရားကား
ကြီးမား၏။ အဆုံးအပိုင်းအခြား မရှိ။
ရေတွက်တိုင်းတာ၍
မဆုံး မကုန်နိုင်။
ကျွန်ုပ်တို့သည်
အရာအားလုံးနှင့် တစုတပေါင်းတည်း
တလုံးတစည်းတည်းသာ
ဖြစ်သည်။
ကျွန်ုပ်တို့သည်
ထိုသဘာဝတရား၏ သဲတစ်ပွင့်မျှ ပမာဏ
အစိတ်အပိုင်းသာဖြစ်သည်။
ဤကမ္ဘာမြေကြီးပင်လျှင်
အလွန်သေးငယ်လှသော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါသည်။
ကပ်ငြိတွယ်တာအပ်သောအရာ
တစ်စုံတစ်ခုမျှ မရှိ။
ရယူစရာ၊
ဆုံးရှုံးစရာလည်း မရှိ။
လာသည့်အရာ၊
သွားသည့်အရာ မရှိ။
တစ်ခုတည်းသော
ဓမ္မသဘောသာလျှင် ထင်ရှား၏။
အသက်ဝိညဉ်တို့သည်
တစ်ခုအပေါ်တစ်ခု အနိုင်ယူကာ အဘယ့်ကြောင့်
ကျူးကျော်လွှမ်းမိုးနေကြပါသနည်း။
အို အကြမ်းမဖက် ငြိမ်သက်ခြင်းသည်သာ
ကောင်းမြတ်ခြင်းပင်တည်း။ ။
No comments:
Post a Comment