Monday, September 10, 2018

သွေးတိုးရောဂါ

သွေးတိုးရောဂါ

 ယေဘုယျအားဖြင့် သွေးပေါင်ချိန် ၁၄၀/၉၀ MMhG နှင့် အထက်ရှိပါက သွေးတိုးရောဂါဟု သက်မှတ်သည်။

 သွေးတိုးရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင် အကြောင်းရင်းခံမရှိဘဲ သွေးတိုးရောဂါဖြစ်နိုင်ပြီး အသက်ငယ်သူများတွင် အခြားအကြောင်းရင်းခံ တစ်ခုခုကြောင့် သွေးတိုးနိုင်သည်။ ဥပမာအားဖြင့် ကျောက်ကပ်သွေးကြောကျဉ်းရောဂါ ၊ ဟော်မုန်းဂလင်းရောဂါ ၊ မွေးရာပါ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် သွေးတိုးနိုင်ပါသည်။
သွေးတိုးရောဂါဖြစ်စေနိုင်သောအကြောင်းရင်းများမှာ

• အငန် ၊ အဆီနှင့် ဟင်းချိုမှုန့် အစားများလွန်းခြင်း
• အ၀လွန်ခြင်း
• ဆေးလိပ် ၊ အရက်သောက်သုံးခြင်း
• အချို့ဆေးဝါးများသောက်သုံးနေခြင်း (ဥပမာ - ပဋိသန္ဓေတားဆေးများ)
• ကိုယ်ဝန်ဆောင်ခြင်း

• ဆီးချိုရောဂါရှိခြင်း
• မိဘမျိုရိုးတွင် သွေးတိုးရောဂါရှိခြင်း
• ကျောက်ကပ်ရောဂါနှင့်  အခြားရောဂါများရှိခြင်း
• စိတ်ဖိစီးမှုများခြင်း
• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စသည်တို့ဖြစ်သည်။
မှန်ကန်သော သွေးပေါင်ချိန်အဖြေရရှိရန်အတွက် သွေးပေါင်ချိန်တိုင်းတာရာတွင် လိုက်နာသင့်သောအချက်များ
• သွေးပေါင်မချိန်မိ လူနာကို တိတ်ဆိတ်ငြိမ်သက်သောအခန်းတွင် ၅မိနစ်ခန့်ထိုင်ပြီး အနားယူစေရပါမည်။
• သွေးပေါင်ချိန်မည့် လက်မောင်းတွင်တင်းကျပ်သော အ၀တ်များ မ၀တ်ထားရပါ။
• လက်မောင်းကို နှလုံးနှင့် တပြေးညီ သက်တောင့်သက်သာ အနေအထားမှာ ရှိစေရပါမည်။
• သွေးပေါင်ချိန်စက် အသုံးပြုရာမှာလည်း စံညွှန်းမီကောင်းမွန်သောစက်ကို အသုံးပြုသင့်ပြီးသင့်တော်သော လက်မောင်းပတ် အရွယ်အစား ဖြစ်ရန်လည်း လိုအပ်ပါသည်။

အန္တရာယ်ရှိသောလက္ခဏာများ

• လေဖြတ်ခြင်း ၊ လေဖြန်းခြင်း
• နှလုံးကြီးခြင်းကြောင့် အမောဖောက်လာခြင်း
• နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း
• ခြေထောက်သွေးကြောများ ကျဉ်လာခြင်းတို့ကြောင့် လမ်းလျောက်စဉ် ခြေထောက်ကြွက်သားများ နာလာခြင်း
• မျက်စိဆံခြည်မျှင်သွေးကြောများ သွေးယိုစမ့်ခြင်းနှင့် မျက်စိအမြင်လွှာပျက်စီးခြင်းတို့ကြောင့် အမြင်များမှုန်ဝါးခြင်း
• ကျောက်ကပ်ပျက်စီးခြင်းကြောင့် ဆီးတွင်အနည်ပါခြင်း  ၊ ဆီးဆိပ်တက်ခြင်းနှင့် ခြေထောက်ဖောရောင်ခြမ်း

အထက်ပါလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသကုသမှုခံယူပါ။

သွေးတိုးရောဂါကုသခြင်း

သွေးတိုးရောဂါရှိပါက ဆေးဝါးနှင့် ကုသခြင်းအပြင် အောက်ပါ အပြုအမူ အနေအထိုင်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
• သင့်တော်သော ကိုယ်အလေးချိန်ရှိအောင် ထိန်းခြင်း (ခန္ဓာကိုယ်အညွှန်း (BMI) ၁၈.၅ မှ ၂၄.၉ ကီလိုဂရမ်/စတုရန်းမီတာ)
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ စားသုံးခြင်း
• ပြည့်ဝဆီ (ဥပမာ - ၀က်ဆီ ၊ အမဲဆီ ကဲ့သို့သော တိရိစ္ဆာန်မှ ရသောအဆီ ၊ စားအုန်းဆီ ၊ ပြန်ကြော်ဆီကဲ့သ်ု့သော ပုံပြောင်းဆီ) ပါသော အစားအစာများကို ရှောင်ကြဉ်ခြင်း

သွေးတိုးရောဂါကုသရာတွင် ကြုံတွေ့ရတက်သော အခက်အခဲများ

• အချို့သူများတွင် သွေးတိုးရောဂါရှိနေသော်လည်း ရောဂါလက္ခဏာမပြဘဲ သွေးတိုး၏ နောက်ဆက်တွဲရောဂါများ (လေဖြတ်ခြင်း ၊ ကျောက်ကပ်ပျက်စီးခြင်းများ) ဖြစ်ပေါ်လာမှသာ သွေးတိုးရောဂါရှိမှန်း သိရှိတက်ပါသည်။
• ဆေးမှန်မှန်မသောက်သော လူနာများတွင် သွေးပေါင်ချိန် ထိန်းရခက်ခဲသော ပြဿနာတွေ့ရှိရပါသည်။
• သွေးပေါင်ချိန်ထိန်းရန် ခက်ခဲသော အခြေအနေများ ရှိတက်ပါသည်။
ဥပမာ -      ဆေးမှန်မှန်မသောက်သော လူနာများ
         -       အသက် ၈၀ အောက် လူနာများတွင် သွေးပေါင်ချိန် ၁၅၀ / ၉၀ mmHg ရှိရန်
         - ဆီးချို ၊ ကျောက်ကပ်နှင့် နှလုံးသွေးကြောရောဂါရှိသော လူနာများတွင် သွေးပေါင်ချိန် ၁၃၀ / ၈၀ mmHg နှင့် အောက်တွင်ရှိရန်)
• အချို့သူများတွင် ရည်မှန်းထားသော သွေးပေါင်ချိန်တွင် ထိန်းထားနိုင်ရန်အတွက် သွေးပေါင်ကျဆေးတစ်မျိုးတည်းနှင့် မလုံလောက်ဘဲ ဆေးနှစ်မျိုး ၊ သုံးမျိုးပေါင်းရခြင်းများ ရှိတက်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

• အမျှင်ဓါတ်နှင့် ဗိတာမင်များပြီး လက်ဆက်သောသစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံ (ပြောင်း ၊ လူး ၊ ဆတ်) များများစားသုံးခြင်း
• နို့နှင့်ဒိန်ချဉ်များကို အဆီဓါတ်ထုတ်၍စားသုံးခြင်း
• ပြည့်ဝဆီများအစား ငါးနှင့်သီးနှံများမှရသော မပြည့်ဝဆီကို အစားထိုးစားသုံးခြင်း
• ပဲအမျိုးမျိုး (ဥပမာ - ကုလားပဲ) ၊ အစေ့အဆန် (ဥပမာ - သီဟိုဋ္ဌ်စေ့) ၊ အဆီပေါသောငါးကို အနည်းဆုံးနှစ်ကြိမ်စားသုံးခြင်း
• အငန်ဓါတ်သည် သွေးပေါင်ချိန်ကိုတက်စေသဖြင့် အငန်ဓါတ်များသော ငါးပိ ၊ ငံပြာရည်တို့ကို ရှောင်ခြင်း
• အသား / ငါးခြောက်များနှင့် အသင့်စား အစားအစာများကိုရှောင်ခြင်း စသည်တို့ဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပါသည်။
သွေးတိုးရောဂါရှိပါက လိုက်နာရန်အချက်များ
• ကျန်းမာရေးဝန်ထမ်းများထဲမှ ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်ပါ။
• သွေးကျဆေးများသည် လူနာတစ်ဦးနှင့်တစ်ဦး အာနိသင်နှင့် ဆိုးကျိုးများ မတူတက်သဖြင့် တစ်ဦးချင်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်စမ်းသပ်ပြီးမှ ဆေးသောက်ပါ။
• သွေးပေါင်မှန်မှန် ချိန်ပါ။
• မ၀လွန်း ၊ မပိန်လွန်း သင့်တော်သည့် ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။
• သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နေ့စဉ်နာရီဝက်ခန့် မှန်မှန်ပြုလုပ်ပေးပါ။
• ဆေးလိပ်သောက်ခြင်း ၊ ကွမ်းစားကို ဖြတ်ပါ။
• ငါး ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို များများစားပါ။
• အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

 သွေးတိုးရောဂါကို အချိန်မီသိရှိပြီး ထိထိရောက်ရောက်ဆေးကုသမှုခံယူပါက သွေးတိုးရောဂါကို အခြေခံပြီးဖြစ်ပေါ်လာမည့် နှလုံးသွေးကြောကျဉ်းရောဂါ ၊ လေဖြတ်ရောဂါ ၊ ကျောက်ကပ်ပျက်စီးခြင်း ၊ မျက်စိအမြင်လွှပျက်စီးခြင်းတို့ကို အချိန်မှီကာကွယ်နိုင်မည် ဖြစ်သကဲ့သို့ သက်တမ်းစေ့နေနိုင်မည် ဖြစ်ပါသည်။

 Credit to Ministry of Health and Sport

No comments:

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts