Saturday, July 28, 2018

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ

Sexually Transmitted Infections (လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ)

လိင်မှတဆင့် ကူးစက်တတ်သောရောဂါဟူသည် အဘယ်နည်း။
လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သော ရောဂါများကို လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဟု ခေါ်ဆိုပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို အခြားမည်ကဲ့သို့ ခေါ်ဆိုတတ်သေးသနည်း။
ကာလသားရောဂါ ၊ ဆီးပူညောင်းကျရောဂါ ၊ ဂနိုကျခြင်း ၊ ဆက်တန့်ထွက်ခြင်း စသဖြင့်လည်း ခေါ်ဆိုတတ်ကြသေးပါသည်။



လိင်မှတဆင့် ကူးစက်တတ်သောရောဂါ မည်မျှရှိသနည်း။
ဆစ်ဖလစ် (Syphilis) ကာလသားရောဂါ
ဂနိုရိယ (Gonorrhoea) ဆီးပူညောင်းကျရောဂါ
ကလိုင်မိုက်ဒီးယား (Chlamydia) ရောဂါ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)
အသည်းရောင် အသားဝါ ဘီ ရောဂါ (HBV)
အသည်းရောင် အသားဝါ စီ ရောဂါ (HCV)
လိင်အင်္ဂါ ကြွက်နို့ရောဂါ (Genital Warts)
သားအိမ်ခေါင်းကင်ဆာ ကနဦးအဆင့် (CA Cervix due to HPV)
တို့မှာ အဖြစ်များသော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ကြပါသည်။



မည်သည့်အတွက်ကြောင့် လိင်မှတဆင့် ကူးစက်တတ်သောရောဂါ ဖြစ်ပွားရသနည်း။
ရောဂါရှိသူနှင့် အကာအကွယ် ကွန်ဒုံး မပါဘဲ လိင်ဆက်ဆံသဖြင့် ရောဂါကူးစက်ခံရကာ လိင်မှတဆင့် ကူစက်တတ်သောရောဂါများ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
လိင်ဆက်ဆံရာတွင် ပုံမှန်အတိုင်း လိင်ဆက်ဆံခြင်း ၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ၊ ပုံမှန်မဟုတ်သော စအိုဖြင့် လိင်ဆက်ဆံခြင်း ၊ လိင်ဆန္ဒအာသာဖြေသော အရုပ်ပစ္စည်းများဖြင့် လိင်ဆက်ဆံခြင်းတို့အားလုံးသည် အကြောင်းတိုက်ဆိုင်လျှင် ရောဂါကူးစက်ခံရတတ်ပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါ ရှိ/မရှိ မည်သို့ သိရှိနိုင်သနည်း။
သာမန်မျက်စိဖြင့်ကြည့်ရုံမျှဖြင့် ရောဂါကူးစက်ခံရမှု ရှိ/မရှိ မသိနိုင်ပါချေ။ စနစ်တကျသွေးစစ်ဆေးခြင်း ၊ သားအိမ်ခေါင်းကင်ဆာ ကနဦးအဆင့်အတွက် သားအိမ်ခေါင်းရည်ကြည်စစ်ဆေးခြင်း (pap smear) တို့ဖြင့် လိင်မျတဆင့်ကူးစက်တတ်သောရောဂါ ရှိ/မရှိကို လွယ်ကူစွာ သိရှိနိုင်ပြီ ဖြစ်ပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ရှိလာပါက မည်သည့် ရောဂါလက္ခဏာများ ပြတတ်သနည်း။
လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကူးစက်ခံရတိုင်း ရောဂါလက္ခဏာ မပြတတ်ပါ။ အချို့သော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများမှာ မည်သည့် ရောဂါလက္ခဏာမျှမပြဘဲ ငုတ်နေတတ်ပြီး ရောဂါကြီးလာမှ ဘွားကနဲ ပေါ်လာတတ်ပါသည်။
ဆီးပူခြင်း ၊ ဆီးကျင်ခြင်း ၊ ဆီးသွားလျှင်နာကျင်ခြင်း ၊ ဆီးသွားလျှင် ပြည်ကဲ့သို့ အဖတ်များပါလာခြင်း (ညောင်းကျခြင်း) ၊ ပေါင်ခြံနှင့် လိင်အင်္ဂါတဝိုက်တွင် အဖုအပိမ့်များထွက်ခြင်း ၊ ပေါင်ခြံနှင့် လိင်အင်္ဂါတဝိုက်တွင် ယားယံခြင်း ၊ လိင်အင်္ဂါ / မိန်းမကိုယ်မှ မူမမှန် သွေးဆင်းခြင်း ၊ လိင်ဆက်ဆံလျှင် နာကျဉ်ခြင်း စသည်တို့မှာ အဖြစ်များသော လိင်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်တားဆီး၍ ရပါသလား။
လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို မကူးစက်စေရန် အကောင်းဆုံးနည်းမှာ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုဖြစ်သည့် ကွန်ဒုံးသုံး၍ လိင်ဆက်ဆံခြင်း ဖြစ်ပါသည်။ မိမိ၏ လိင်ဆက်ဆံဖော်တွင် လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ရှိ/မရှိ သေချာစေရန် သွေးစစ်ဆေးသင့်ရန် လိုအပ်ပြီး သွေးစစ်ပြီးနောက်ပိုင်းတွင်လည်း တစ်လင်တစ်မယားစနစ်ဖြင့် သစ္စာရှိရှိ အတူပေါင်းသင်းနေထိုင်သွားရန် အထူးအရေးကြီးပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို ကုသ၍ ရပါသလား။
လိင်မှတဆင့် ကူးစက်တတ်သော ရောဂါအားလုံးကို ပျောက်ကင်းအောင် ကုသ၍ မရနိုင်ပါ။ အချို့ရောဂါများမှာ ပျောက်ကင်းအောင် မကုနိုင်သော်လည်း ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းထား၍ ရပါသည်။ လိင်မှတဆင့် ကူးစက်တတ်သောရောဂါ အမျိုးမျိုးရှိသည့်အတွက် သင့်တော်မှန်ကန်သော ကုသမှုရရှိနိုင်ရန် တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့် စနစ်တကျ ကုသမှု ခံယူစေလိုပါသည်။
ဆစ်ဖလစ် (Syphilis) ကာလသားရောဂါ - (ကုသပျောက်ကင်းနိုင်ပါသည်။)
ဂနိုရိယ (Gonorrhoea) ဆီးပူညောင်းကျရောဂါ - (ကုသပျောက်ကင်းနိုင်ပါသည်။)
ကလိုင်မိုက်ဒီးယား (Chlamydia) ရောဂါ - (ကုသပျောက်ကင်းနိုင်ပါသည်။)
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) - (ပျောက်ကင်းအောင် ကုသ၍မရပါ။ ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းသိမ်းကုသ၍ ရပါသည်။)
အသည်းရောင် အသားဝါ ဘီ ရောဂါ (HBV) - (ပျောက်ကင်းအောင် ကုသ၍မရပါ။ ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းသိမ်းကုသ၍ ရပါသည်။ ရောဂါမဖြစ်မီ ကာကွယ်ဆေးအပြည့်ထိုးခြင်းဖြင့် ကြိုတင်ကာကွယ် တားဆီးနိုင်ပါသည်။)
အသည်းရောင် အသားဝါ စီ ရောဂါ (HCV) - (လူတိုင်းပျောက်ကင်းအောင် ကုသ၍မရပါ။ ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းသိမ်းကုသ၍ ရပါသည်။ အချို့လူနာများ ပျောက်ကင်းအောင် ကုသပေး၍ရပါသည်။ ရောဂါအခြေအနေပေါ်တွင် မူတည်ပါသည်။)
လိင်အင်္ဂါ ကြွက်နို့ရောဂါ (Genital Warts) (ကုသပျောက်ကင်းနိုင်ပါသည်။)
သားအိမ်ခေါင်းကင်ဆာ ကနဦးအဆင့် (CA Cervix due to HPV) - (ရောဂါမဖြစ်မီ ကာကွယ်ဆေးအပြည့်ထိုးခြင်းဖြင့် ကြိုတင်ကာကွယ် တားဆီးနိုင်ပါသည်။ ရောဂါကို စောစီးစွာ သိရှိကုသနိုင်ပါက လုံးဝပျောက်ကင်းသည် အထိ ကုသ၍ရပါသည်။)

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများသည် မည်သည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေသနည်း။
မိမိသာရောဂါကူးစက်ခံရသည်သာမက မိမိချစ်ခင်မြတ်နိုးသော ဇနီး/ခင်ပွန်း နှင့် မိမိမျိုးဆက် ရင်သွေးများပါ ရောဂါကူးစက်ပြန့်ပွားစေနိုင်ပါသည်။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများသည် ချက်ချင်းလက်ငင်း လူသေစေတတ်သောရောဂါများ မဟုတ်သော်လည်း ဘဝတလျှောက်လုံး တမြေ့မြေ့ခံစားနေရကာ မိမိနှင့်တကွ ပတ်သက်ဆက်စပ်နေသော ချစ်ခင်ရသူများကိုပါ ထိခိုက်ပျက်စီးစေသော ရောဂါများ ဖြစ်ကြပါသည်။

Ondr.co

1 comment:

U Htun Moe Htut said...
This comment has been removed by the author.

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts